စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကို အစိုးရက ငွေထုတ်ချေးပေးမယ်လို့ ကြေညာလိုက်ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ကနေ အထူးအစီအစဉ်အနေနဲ့ ဘဏ်ချေးငွေများ ထုတ်ချေးမှာ ဖြစ်ပါတယ်။
ချေးငွေသက်တမ်း ၃ နှစ်ကနေ ၅ နှစ် သတ်မှတ်ထားပြီး အတိုးနှုန်း ၉ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပါတယ်။
ကဏ္ဍအလိုက် ချေးငွေရယူလိုသူတွေဟာ ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်အတွက် ဘဏ်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ညီညွတ်သူတွေ ဖြစ်ရမယ်။ ချေးငွေအတွက် အာမခံပစ္စည်းအဖြစ် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း၊ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ပေးအပ်နိုင်တယ်။ အာမခံပစ္စည်း မပေးနိုင်သူတွေ၊ အာမခံပစ္စည်း ပေးနိုင်ပေမယ့် မလုံလောက်တဲ့ သူတွေအတွက် ချေးငွေအာမခံအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားတယ်။ ချေးငွေရယူလျှောက်ထားလိုသူ လုပ်ငန်းရှင်တွေအနေနဲ့ နီးစပ်ရာ ဘဏ်ခွဲတွေမှာ ဆက်သွယ်စုံစမ်းနိုင်ကြတယ်လို့ အစိုးရ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Credit: DVB