မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ရန်ကုန်တွင် အထပ်မြင့်အဆောက်အအုံများဆောက်လုပ်ခွင့်ရှိမည့်ဇုန်၊ ဆောက်လုပ်ခွင့်မရှိသည့်ဇုန်၊အဆောက်အအုံများအမြင့်ပေကန့်သတ်ထိန်းချုပ်မည့်အစီအစဉ်၊မြို့ပြမြေအသုံးချမှုများ၊ စသည်တို့ပါဝင်မည့်မြေအသုံးချမှုဇုန်(Zoning Plan)ရေးဆွဲမှုမှာ လာမည့်ဒီဇင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယခုရေးဆွဲနေသော Zoning Plan ကို အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍လိုအပ်သည့်အကြောင်းအရာများကို ထပ်မံထည့်စွက်ခြင်း၊မလိုအပ်သည့် အကြောင်းအရာများကိုပြင်ဆင်ခြင်းများ အဆင့်ဆင့်ပြုလုပ်ကာ အချောသတ်မှုကို ဒီဇင်ဘာအတွင်းပြုလုပ်ပြီးသည်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အများပြည်သူထံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
JICA နှင့် လုပ်နေပြီး ဒီဇင်ဘာလထဲတွင် Final Report ထွက်ပြီး workshop များရှိမည်ဖြစ်ကြောင်း သိရသည်။၂ဝ၁၈ နှစ်ဆန်းပိုင်းတွင် ထွက်နိုင်ဖို့များကြောင်းကို ယင်းကော်မတီ၏ အရာရှိတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
၂ဝ၁၃ခုနှစ်ကတည်းကပင် ရန်ကုန်မြို့၏ မြေအသုံးချမှုဇုန်(Zoning Plan)အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပညာရှင်များမှ ရေးဆွဲခဲ့ကြခြင်းဖြစ်ကြောင်း၊ထုတ်ပြန်ပြီးမှသာ အထပ်မြင့်ဆောက်လုပ်ခွင့်ရှိသည့်
နေရာ၊အထပ်နိမ့်ဆောက်လုပ်ခွင့်ရှိသည့်နေရာ၊ဆိတ်ငြိမ်ရပ်ကွက်စသည်ဖြင့် သတ်မှတ်ချက်အတိုင်းတည်ဆောက်လိုကြသောကြောင့် မြေပိုင်ရှင်များအနေဖြင့် အမြန်ဆုံး ထုတ်ပြန်ပေးစေလိုနေကြကြောင်းလည်း သိရသည်။
နိုင်ငံတကာတွင်ကျင့်သုံးနေသော ယင်း Zoning Plan ကိုရေးဆွဲရခြင်းမှာ စီးပွားရေးလုပ်ငန်းများ၊လူနေရပ်ကွက်များ၊စက်ရုံ၊အလုပ်ရုံများအကြားဖြစ်လာနိုင်သည့် ပဋိပက္ခပွတ်တိုက်မှုများကိုရှောင်နိုင်ရန်ဖြစ်ပြီး မြို့ပြတစ်ခုကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်း သိရသည်။
Zoning Plan စတင်ရေးဆွဲသော ၂ဝ၁၃ခုနှစ်က အနာဂတ်ရန်ကုန်မြို့မြေအသုံးချမှုဇုန် စီမံကိန်းတွင် ရန်ကုန်တစ်မြို့လုံးတွင် အထပ်မြင့်အဆောက်အအုံများ၏အများဆုံးသတ်မှတ်အမြင့်ပေမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၇ပေအထိဖြစ်ခဲ့ကြောင်းသိရသည်။
Credit :Pyi Myanmar