ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ တော်မီဟီးလ်ဖိုက်ဂါ Tommy Hilfiger ၏ စိတ္တဇဆန်သောနေအိမ်ကြီး ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်သို့ရောက်ရှိလာကြောင်း နယူးဇီလန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်ရှိရာမှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ရွှေကမ်းခြေ Golden Beach တွင် ဖြစ်သည်။
ခြံဝန်းအကျယ်အဝန်းမှာ ဧကဝက်ရှိပြီး ၃ ထပ်အဆောက်အအုံဖြစ်ကာ နေအိမ်အတွင်း မွမ်းမံပြင်ဆင်ထားပုံမှာ ကမ္ဘာကျော်ဒီဇိုင်နာ တစ်ဦးဟု မည်သူမျှမငြင်းနိုင်လောက်အောင် ရင်သပ်ရှုမောအံ့သြဖွယ် ဒီဇိုင်းများဖြင့် မွမ်းမံထားသည်ကို တွေ့ရသည်။
ပေါ့ပ်အနုပညာ installation မှသည် ရဲဝံ့သော အရောင်တွဲစပ်မှုများ၊ ဂဲသြမေထရီ ဖွဲ့စည်းပုံများအထိ ပညာကုန်လက်စွမ်းပြထားသည်။
တော်မီနှင့် ဇနီးဖြစ်သူ ဒီး အော့က်လေးပိုတို့သည် ၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၇ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူပြီးနောက် အတွင်းပိုင်း မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် ဒီဇိုင်နာ မာတင်လော့ရင့်စ်ဘူးလာ့ဒ်ကို ခေါ်ယူကာ ပူးပေါင်းအကြံဥာဏ်များဖြင့် အစွမ်းကုန်မွမ်းမံ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
နေအိမ်အတွင်း လူနေအကျယ်အဝန်း ၁၄၀၇၅ စတုရန်းပေရှိပြီး ဓာတ်လှေကားတစ်ခုပင်ပါဝင်ကာ မီးဖိုဆောင်မှာ စားဖိုမှူးအသုံးပြုနိုင်သည့်အဆင့်ရှိသော မီးဖိုဆောင်ဖြစ်သည်။
စာကြည့်တိုက်တစ်ခုပါဝင်သည့်အပြင် မီဒီယာခန်းမမှာ အနီသွေးစိုစိုဖြစ်ကာ သင်တို့မြင်ဖူးသမျှ မီဒီယာခန်းများအနက် စိတ္တဇအဆန်ဆုံး အခန်းတစ်ခန်းဖြစ်နေမည်မှာ သေချာလှသည်။
အားကစားလေ့ကျင့်ရေးခန်းမတွင် ပစ္စည်းအစုံအလင်ပါဝင်ပြီး အပြာ၊ အဖြူ၊ အနီရောင်များကဲထားသည်။
အိပ်ခန်းတစ်ခန်းတွင်မူ အပြာနှင့်အဖြူ နံရံကပ်စက္ကူများဖြင့် ဂဲသြမေထရီပုံရိပ်များအဖြစ် အလှဆင်ထားရာ မည်သည့်နေရာတွင် နံရံရှိသည်၊ မည်သည့်နေရာတွင် နံရံအဆုံးသတ်သည်ကို ရုတ်တရက်သိနိုင်ရန် မလွယ်သည်အထိ ပညာပါလှသည်။
နေအိမ်အတွင်းတွင် အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်းပါဝင်ပြီး အိပ်ခန်းတစ်ခန်းတွင်မူ အဝါနှင့်အဖြူရောင် ၂ မျိုးတည်းဖြင့် အလှဆင်ထားပြီး အဖြူခံတွင် အဝါရောင်စက်ဝန်းများ ဖြန့်ကျဲထားသဖြင့် တက်ကြွမှုကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
ပိုမိုဆန်းကြယ်သော အိပ်ခန်းတစ်ခုမှာ အနီနှင့်အဖြူလိုင်းစင်းများဖြင့် ခြယ်လှယ်ထားသော အခန်းဖြစ်၏။ ယင်းအခန်းမှာ အလွန်စိတ္တဇဆန်လှသည်ဟု ဆိုရမည် ဖြစ်သည်။
နေအိမ်ပြင်ပတွင်ကား ပင်လယ်လေညှင်းကို ရှုရှိုက်ကာ အပြာရောင်ရေပြင်ကျယ်ကို မိုးကုတ်စက်ဝိုင်းအဆုံးအထိ ရှုမြင်နိုင်သည်။
တော်မီသည် ယခုအခါ အသက် ၆၅ နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီ Tommy Hilfiger Corp. ကို ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ၁၁ နှစ် (၂၀၀၆) က ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖြင့် ရောင်းချခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)