အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မာနာလာပန်တွင် ဗုဒ္ဓဘာသာဘုရားစေတီပါဝင်သည့် အိမ်မက်ဆန်ဆန် အပန်းဖြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၂၁ ဒသမ ၄၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားရာ ယင်းဒေသ၏သမိုင်းတစ်လျှောက် ဈေးအကြီးဆုံးနေအိမ်ဖြစ်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်ပြီး နိဗ္ဗာန်ဘုံဟု အမည်ပေးထားသည့် အဆိုပါနေအိမ်ကြီးကို အမည်မဖော်သည့် ဝယ်လက်တစ်ဦးမှ ဝယ်ယူသွားခြင်းဖြစ်သည်ဟု ဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် ချက်ဒ် ကာရိုးလ်က ပြောကြားသည်။
လက်ရှိဈေးကွက်တွင် ကန်ဒေါ်လာ သန်း ၇၀ ဈေးခေါ်ထားသည့် နေအိမ်သစ်ကြီးတစ်လုံးမှာ ဈေးအကြီးဆုံးဟု ဆိုနိုင်သော်လည်း အိမ်ခြံမြေမှတ်တမ်းများတွင် မှတ်တမ်းတင်ပြီး စာရင်းတွင်မူ နိဗ္ဗာန်ဘုံနေအိမ်ကြီးမှာ ဈေးအကြီးဆုံးအဖြစ် ရပ်တည်လျက် ရှိနေသေးသည်။
ယင်းနေအိမ်သည် ၂၀၁၅ ခုနှစ်ကတည်းကပင် အရောင်းဈေးကွက်သို့ တင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း မကြာခဏပြုလုပ်ခဲ့ပြီး တစ်ကြိမ်ကဆိုလျှင် ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်းအထိ ဈေးခေါ်ထားခဲ့ဖူးသည်။
ယခုရောင်းထွက်သွားသောဈေးနှုန်းမှာ အဆိုပါခေါ်ဈေးအောက် ၁၈ ဒသမ ၅ ရာခိုင်နှုန်း နည်းပါးသည်ဟု ဆိုနိုင်သည်။
ခြံအကျယ်အဝန်းမှာ ၁ ဒသမ ၅ ဧက ကျယ်ဝန်းပြီး ပေ ၁၃၀ အလျားရှိသော ရွက်လှေဆိုက်ကပ်နိုင်သည့် ကိုယ်ပိုင်ဆိပ်ကမ်းတစ်ခု ပါဝင်သည်။
ခြံဝန်းအတွင်း တင်းနစ်ကွင်းတစ်ခု၊ ဆိတ်ငြိမ်သာယာသည့် ပန်းဥယျာဉ်၊ သက်ကယ်မိုးတဲငယ်လေးများပါဝင်သည့် ရေကူးကန်တစ်ခု၊ ဟင်းလင်းပြင်အရက်ဘားနေရာတစ်ခု ပါဝင်သည်။
နေအိမ်အတွင်းတွင် အိမ်တွင်းကဇာတ်ခန်းမ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရေပူနှင့် အနှိပ်ခန်းမများ ပါဝင်သည်။
ထို့အပြင် အထူးခြားဆုံးမှာ ကိုယ်ပိုင်ကလပ်ခန်းမ၊ နံရံမြှုပ် ငါးကန် နှင့် ဗုဒ္ဓစေတီဘုရားကျောင်းတစ်ခု ပါဝင်ခြင်းပင် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)