စင်္ကာပူနှင့် တရုတ်တို့သည် အရှေ့တောင်အာရှနှင့် ဗဟိုအာရှကို ဆက်သွယ်ပေးမည့်
"ချုံချင်းမြို့၏ပို့ဆောင်ရေးလမ်းကြောင်းများ" အား ချဲ့ထွင်ရန် စီမံကိန်းသစ်နှစ်ခုကိုစတင်လိုက်ပြီဖြစ်သည်။
ထိုစီမံကိန်းနှစ်ခုသည် ပြီးခဲ့သည့် တနင်္ဂနွေ (ဖေဖော်ဝါရီ ၂၆) က တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် တရုတ်အစိုးရနှင့် စင်္ကာပူမှ ကုမ္ပဏီများအကြား လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့ကြသည့် စီးပွားကူးသန်းရေးသဘောတူညီချက်စာချုပ် ၁၀ ခု၏ တစ်စိတ်တစ်ပိုင်း
ဖြစ်သည်။ ၎င်းစာချုပ် ၁၀ ခု၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ(စင်္ကာပူဒေါ်လာ ၁ ဒသမ ၉၇ ဘီလျံ) ခန့် တန်ကြေးရှိသည်။
ချုံချင်းထောက်ပံ့ပို့ဆောင်ရေ့ဖွံ့ဖြိုးမှုအစီအစဉ် (CLDP) နှင့် လမ်းကြောင်းစုံဖြန့်ဖြူး
ဆက်သွယ်ချိတ်ဆက်မှုဗဟိုဌာန (DC) ဟု အမည်ပေးထားသည့် ယင်းစီမံကိန်းနှစ်ခု
သည် ချုံချင်းဆက်သွယ်ချိတ်ဆက်မှုအစီအစဉ် (CCI) အတွက် ပို့ဆောင်ရေးနှင့်
ထောက်ပံ့ပို့ဆောင်ရေးမဟာစီမံကိန်းကြောင့် ဖြစ်ပေါ်လာကြခြင်းဖြစ်သည်။
CLDP သည် ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကဏ္ဌအတွက်
အကောင်းဆုံးသော လုပ်ငန်းစံချိန်စံညွှန်းများကို ဖော်ဆောင်မည့် ကုမ္ပဏီအဖြစ်
ပေါ်ပေါက်လာကာ DC က မြစ်၊ ရထားလမ်း၊ ဝေဟင်နှင့် လမ်းမ ကဲ့သို့ အမျိုးမျိုးသောပို့ဆောင်ရေးလမ်းကြောင်းများကို ပံ့ပိုးမည့် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာဌာနတစ်ခု
ဖြစ်လာမည်ဖြစ်ကြောင်း IE Singapore က ထုတ်ပြန်ခဲ့သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် စတင်ခဲ့သည့် CCI သည် စင်္ကာပူနှင့် တရုတ်အကြားစူးကျိုးစက်မှုဇုန်နှင့် ထျန်ကျင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမြို့တို့ပြီးနောက်
တတိယမြောက်ပူးတွဲစီမံကိန်းဖြစ်သည်။ ၎င်းသည် တရုတ်၏ ဖွံ့ဖြိုးမှုအနည်းငယ်နောက်
ကျနေသော အနောက်ပိုင်းဒေသ၏ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။
ချုံချင်းမြို့သည် တရုတ်အနောက်ပိုင်း ယန်ဇီမြစ်ဟု မြန်မာနိုင်ငံသားအများစုအကြား
အသိများသည့် ယန်ကျဲမြစ်အထက်ပိုင်းတွင် တည်ရှိသည်။ ၎င်းသည် တရုတ်အားဗဟိုအာရှမှတစ်ဆင့် လမ်းမနှင့်ရထားလမ်းကွန်ရက်များကို ဖြတ်၍ ဥရောပနှင့် ဆက်သွယ်၍ရလာမည့် အဓိကဆုံမှတ်နေရာဖြစ်သည်။
ထို့ပြင် ၎င်းသည် တောင်ပိုင်းကွမ်ရှီ
ပြည်နယ်ရှိ ဆိပ်ကမ်းမြို့ချင်ကျိုးကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမမှတစ်ဆင့်
အရှေ့တောင်အာရှနှင့်လည်း ဆက်စပ်နေသည်။
တရုတ်သမ္မတ ရှီကျင်ဖင်းက နိုင်ငံအား ကုန်လမ်း၊ ရေလမ်းများဖြတ်၍ အာရှ၊ ဥရောပနှင့်အာဖရိကတို့နှင့် ချိတ်ဆက်ဆက်သွယ်ကာ ကမ္ဘာ့ကုန်သွယ်မှုကို တိုးမြှင့်ရန် ရည်ရွယ်နေသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com