စင်္ကာပူ၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော CapitaLand က တိုကျိုမြို့ရှိ ရုံးအဆောက်အအုံ ၃ ခုနှင့် ဈေးဝယ်စင်တာတစ်ခုကို ဂျပန်ယန်းငွေ ၄၉ ဒသမ ၇ ဘီလီယံ (ကန်ဒေါ်လာ ၄၄၀ ဒသမ ၅ သန်း) သုံးစွဲကာ ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဝယ်ယူမည့် ရုံးအဆောက်အအုံများမှာ ယိုကိုဟားမားရှိ ရုံးအဆောက်အအုံ
၂ လုံးနှင့် ကိုကူဂျီကန်ရုံးအဆောက်အအုံများဖြစ်ပြီး ဈေးဝယ်စင်တာမှာ တိုကျိုရှိ Seiyu & Sundrug စင်တာဖြစ်သည်။
ယခုဝယ်ယူမှုများ ပေါင်းလျှင် CapitaLand ၏ ဂျပန်တွင် ဝယ်ယူထားသည့် ပိုင်ဆိုင်မှုအရပ်ရပ်မှာ စင်္ကာပူဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံ) ခန့်အထိ ရှိလာပြီ ဖြစ်သည်။
ကုမ္ပဏီ၏ နှစ်စဉ်ဝင်ငွေတွင် စင်္ကာပူဒေါ်လာ ၂၅ သန်း ထပ်မံတိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း CapitaLand ၏ တွဲဖက်အမှုဆောင်အရာရှိ ဂျေဆင် လီယောင်က ပြောကြားသည်။
CapitaLand ၏ ပြီးခဲ့သော ၂၀၁၆ ခုနှစ်၊ နောက်ဆုံး ၃ လပတ် အသားတင်အမြတ်အစွန်းမှာ ၇၃ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စင်္ကာပူဒေါ်လာ ၄၃၀ ဒသမ ၅ သန်းမြတ်စွန်းခဲ့ပြီး တစ်နှစ်တာလုံးအားဖြင့် စင်္ကာပူဒေါ်လာ ၁ ဒသမ ၁၉ ဘီလီယံမြတ်စွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြင်ဆင်လာခြင်းလည်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ အဓိကဈေးကွက်က စင်္ကာပူနဲ့ တရုတ်မှာ ရှိနေဆဲဖြစ်ပါတယ်။ ဒီဈေးကွက်တွေဟာ ကျွန်တော်တို့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၈၀ ရာခိုင်နှုန်းရှိပါတယ်” ဟု CapitaLand ၏ ဥက္ကဌ အင်ကီချိုက ပြောကြားသည်။
တရုတ်နိုင်ငံအတွင်းတည်ရှိသည့် ဈေးဝယ်စင်တာအားလုံး၏ ၆၃ ရာခိုင်နှုန်းကို CapitaLand မှ ပိုင်ဆိုင်ထားသည်။
တရုတ်နိုင်ငံအတွင်း CapitaLand မှ ဖွင့်လှစ်ထားသည့် ဈေးဝယ်စင်တာများမှာ အဓိကအားဖြင့် ဒုတိယတန်းစား မြို့ကြီးများတွင် ဖြစ်သည်။
တရုတ်နိုင်ငံတွင် CapitaLand က ပိုင်ဆိုင်ထားသည့် အိမ်ခြံမြေများ၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၇၂ သန်းဖြစ်ပြီး စင်္ကာပူတွင် စတုရန်းပေ ၁၄ သန်းသာရှိသည်။
သို့ရာတွင် စင်္ကာပူရှိ အိမ်ခြံမြေတို့၏ တန်ဖိုးမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံထားမှု၏ ၄၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း CapitaLand က ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)