ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်းပင်အပါအဝင် ဒေသများစွာတွင် လုပ်ငန်းရှင်များက ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မြေတူးကာ ရောင်းချမှုအလွန်များပြားလျက်ရှိနေခြင်းကြောင့် မြေအောက်ရေခန်းခြောက်မှုများ ဆိုးရွားစွာဖြစ်ပေါ်လျက်ရှိကြောင်း ကမ္ဘောဒီးယားအခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။
စီးပွားရေးလုပ်ငန်းရှင်များ မြေတူးရောင်းချမှုများကို ဒေသခံကျေးရွာသားများက ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့ဖူးသည့်အပြင် အစိုးရက တရားဝင်တားမြစ်ထားသော်လည်း ဒေသတွင်းအာဏာပိုင်တို့ကမူ
မြေတူးခွင့်ပေးလျက်ရှိဆဲဖြစ်သည်ဟု ဆိုသည်။
သဘာဝအလျောက် ဖိအားပေးထားသည့် မြေအောက်ရေများသည်
မြေတူးမှုများ အလွန်အကျွံပြုလုပ်ပါက ဖိအားနည်းကာ ရေပမာဏကျဆင်းမှုများဖြစ်ပေါ်လေ့ရှိကြောင်း မဲခေါင်မြစ်ကော်မရှင်မှ နည်းစနစ်ပိုင်း အကြံပေးပုဂ္ဂိုလ် အီယမ်သောမတ်စ်က ပြောကြားသည်။
ပူပြင်းခြောက်သွေ့သည့်ရာသီဥတုကာလအတွင်း ကမ္ဘောဒီးယားတွင် မြေအောက်ရေနည်းပါးခြင်းမှာ ပြဿနာတစ်ရပ်ဖြစ်
လာလျက်ရှိသည်ဟု ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာနဝန်ကြီး ဘန်ဟီအန်က ပြောကြားသည်။
ရေတွင်းများ တူးလေလေ၊ ရေရရန် ခက်ခဲလာလေလေဖြစ်သည်ဟု စတန်းဖို့ဒ်တက္ကသိုလ်၏ လေ့လာချက်တစ်ရပ်တွင်လည်း ဖော်ပြထားသည်။
ကမ် ဆိုသီယာရီအမည်ရှိ အမျိုးသမီးတစ်ဦးက ဖေဖော်ဝါရီ ၂ ရက်တွင် မြေတူးခွင့်နှင့် ရောင်းချခွင့်လျှောက်ထားရာ၌ ခွင့်ပြုချက်ရခဲ့သည်
ဟု ဆိုသည်။
ကမ္ဘောဒီးယားအစိုးရကမူ မြို့တော်အတွင်း ရောင်းချရန်အလို့ငှာ ရည်ရွယ်ပြီး မြေတူးဖော်ခြင်းများကို ၂၀၀၅ ခုနှစ်ကတည်းကပင် တားမြစ်ပိတ်ပင်ထားခဲ့ပြီးလည်း ဖြစ်သည်။
“သူတို့ မြေတူးနေတဲ့နေရာက ရွာနဲ့ အလွန်ဝေးတဲ့နေရာပါမှာ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“အဲဒီနေရာက အမျိုးသားအမှတ် ၃ လမ်းမကြီးနားမှာဖြစ်ပြီး ရွာရဲ့အစွန်အဖျားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
သတင်းထောက်များက အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုရာ နေအိမ် ၂ လုံးစာခန့် နက်ရှိုင်းသည့်တွင်းကျယ်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို
တွေ့ခဲ့ရပြီး အမှတ် ၃ လမ်းမကြီးဘေးတွင် ဖြစ်သည်ဟု ဆိုသည်။
သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ချဟီ လီဒင်က ပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် စုံစမ်းရေးအဖွဲ့တစ်ခု စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“မူအရတော့ မြေတူးခွင့်၊ ရောင်းချခွင့် ကျွန်တော်တို့ ခွင့်ပြုမထားပါဘူး” ဟု လီဒင်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)