အရှေ့ အလယ်ပိုင်းရင်းနှီးမြှုပ်နှံသူများသည် ဗြိတိန်နှင့် ဥရောပရှိ ဟိုတယ်စီမံကိန်းများတွင် ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံအထိ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိမ်ခြံမြေဈေးကွက်တွင် အရှုံးနှင့် အမြတ်ကို နှိုင်းယှဉ်ရာ၌ ဥရောပ၊ အရှေ့ တောင်အာရှနှင့် မြေထဲပင်လယ်ဒေသရှိ မြို့ ကြီးများတွင် အခြေအနေကောင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒူဘိုင်းတွင် ကျင်းပမည့် နိုင်ငံတကာ အိမ်ခြံမြေပြပွဲ (IPS) မတိုင်မီ
CBRE က ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ဖော်ပြသည်။
အိမ်ခြံမြေဈေးနှုန်း၊ ငှားရမ်းမှုအခြေအနေနှင့် ဖွံ့ဖြိုးမှုအလားအလာတို့ကို သုံးသပ်မည်ဆိုလျှင် ပေါ်တူဂီ၊ ဆိုက်ပရပ်စ်၊ အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ အိမ်ခြံမြေဈေးကွက်တွင်လုပ်ငန်းရှင်များဝင်ရောက်
ရင်းနှီးမြှုပ်နှံလာဖွယ်အရှိဆုံး နေရာများအဖြစ် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။
ဒူဘိုင်းနိုင်ငံတကာအိမ်ခြံမြေပြပွဲများ (IPS) ကျင်းပလာသည်မှာ ယခုနှစ်တွင် ၁၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ဒူဘိုင်းနိုင်ငံတကာညီလာခံနှင့် ပြပွဲစင်တာ၌ လာမည့် ဧပြီလ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
ရေနံဈေးကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိကာ စီးပွားရေးနှေးကွေးလျက်ရှိသော်လည်း အရှေ့ အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသများမှ ရင်းနှီးမြှုပ်နှံသူတို့သည် နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိနေသည်။
ဒူဘိုင်းပြပွဲတွင် စပိန်၊ ချက်သမ္မတနိုင်ငံ၊ ဂရိနှင့် တူရကီတို့အပါအဝင် ဥရောပတစ်လွှားမှ အကောင်းဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံရန် နေရာများကို ဝင်ရောက်ပြသကြမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ Strategic Marketing & Exhibitions က ထုတ်ပြန်သည်။
ယခုနှစ် ဒူဘိုင်းအိမ်ခြံမြေပြပွဲသည် ပြပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံးပြပွဲဖြစ်လာမည်ဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှ ကုမ္ပဏီပေါင်း ၂၀၀ ကျော် ဝင်ရောက်ပြသရန် စာရင်းပေးထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)