အစိုးရ အကူးအပြောင်းကာလ မြေယာအလွှဲအပြောင်းကိစ္စ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သတ်ပြီး သိပ်မကြာခင် အချိန်မှာ အဆုံးအဖြတ်ပေးတော့မယ်လို့ မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောပါတယ်။
အစိုးရ အလွှဲအပြောင်းကာလဖြစ်တဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေယာတွေကို လူပုဂ္ဂိုလ်အမည်နဲ့ ချထားပေးမှုတွေ ရှိခဲ့လို့ အများပြည်သူအကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ကို ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ဦးမြင့်အောင်မိုးက ပြီးခဲ့တဲ့ နှစ် ဇူလိုင်လက ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၀ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ကန့်ကွက်သူမရှိတာကြောင့် လွှတ်တော်က အတည်ပြုခဲ့ကာ ကိုယ်စားလှယ်အဖွဲ့များ ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“စုံစမ်းစစ်ဆေးတွေ့ရှိတာတွေကို အစိုးရအဖွဲ့ကို တင်ထားပြီးပြီ ဆိုတော့ မကြာခင်မှာ အမိန့်ထွက်တော့မယ်၊ အစိုးရအဖွဲ့ ဆုံးဖြတ်ချက် လာတော့မယ်၊ အဲ့ဒီထဲမှာ မြေလွတ်မြေရိုင်းလဲ ပါတယ်၊ မြို့ပေါ် ဧရိယာအတွင်းမှာလဲ ပါတယ်၊ နောက်ပြီး လေယာဉ်ကွင်း အရှေ့ဘက်က အုန်းအင်းတို့လဲ ပါတယ်” လို့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောပါတယ်။
အမှုတွဲပေါင်း ၄၀၀ ကျော်
အစိုးရ အကူးအပြောင်းကာလ မြေယာချထားပေးမှုတွေ စိစစ်တဲ့ ကိစ္စကို မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းက အမှုတွဲပေါင်း ၄၀၀ ကျော်ကို စစ်ဆေးခဲ့ရတာ ဖြစ်ပြီး မြေယာချထားပေးခဲ့တဲ့ ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူ ၁၀ဦးခန့်ကို ခေါ်ယူမေးမြန်းခဲ့တာတွေ ပြုလုပ်ခဲ့ကာ စုံစမ်းစစ်ဆေးမှု အချိန် သုံးလခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “တချို့မြေတွေကတော့ ပြန်ပေးသင့်တယ် ထင်တယ်၊ ဒါမှလဲ ဟိုနေရာမှာ ဆန္ဒပြ၊ ဒီနေရာမှာ ဆန္ဒပြတာတွေ ကာကွယ်နိုင်မှာ၊ ယူထားတဲ့ သူတွေကို ကျွန်တော်တို့ ပိုက်ဆံပြန်ပေးရမှာပေါ့၊ သူသွင်းထားတာတွေကို ၊ ဒါမှလဲ မြေပြန်ရမှာပေါ့” လို့ ပြောပါတယ်။
စစ်ဆေးတွေ့ရှိ
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းက မြေယာချထားပေးမှုတွေကို အစိုးရ အကူးအပြောင်းကာလာ အတွင်းမှာ တစ်ရက်တည်း အပြီးချထားပေးခဲ့တာတွေကိုလည်း စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ရပြီး ကာလတန်ဖိုး သတ်မှတ်ချက်တွေထက် လျော့နည်းတဲ့ တန်ဖိုးတွေနဲ့ ချထားပေးခဲ့တာတွေကိုလည်း စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
Credit: The Kumudra