အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ မစ်ဒယ်လ်ဘာ့ဂ်ျတွင် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ၎င်း၏ဇနီးဖြစ်သူ ဂျက်ကလင်းတို့ ၁၉၆၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့သည့် မွေးမြူရေးခြံတစ်ခု အရောင်းဈေးကွက်ဝင်လာသည်။
ဂျက်ကလင်းသည် အဆိုပါခြံဝန်းနှင့် နေအိမ်ကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး အိမ်ဖြူတော်မှ အားလပ်ရက်များတွင် သွားရောက်အနားယူရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဂျက်ကလင်းတို့ဇနီးမောင်နှံ အဆိုပါခြံဝန်းတွင် ရက်သတ္တသုံးပတ်၏ အားလပ်ရက်များသာ နေထိုင်ခွင့်ရခဲ့ပြီးနောက် ၁၉၆၃ တွင် ဂျွန်အက်ဖ်ကနေဒီလုပ်ကြံခံခဲ့ရသည်။
လအနည်းငယ်အကြာတွင်မူ ယင်းခြံဝန်းကို ရောင်းထုတ်လိုက်တော့သည်။
ဂျက်ကလင်းက အိပ်ခန်း ၄ ခန်းပါဝင်သည့် ယင်းနေအိမ်ကို ဝက်ဇ်ဖို့ဒ်ဟု အမည်ပေးခဲ့သည်။
ဝက်ဇ်ဖို့ဒ်မှာ ဂျွန်အက်ဖ်ကနေဒီ၏ မိဘဘိုးဘွားများ ဇာတိဒေသလေး၏ အမည်ဖြစ်သည်။
ယင်းခြံဝန်းကို ၂၀၁၃ ခုနှစ်အတွင်း အရောင်းဈေးကွက်သို့ ပထမဆုံးတင်ခဲ့ရာတွင် ကန်ဒေါ်လာ ၁၀ ဒသမ ၉၉ သန်းဖြင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင်မူ ၇ ဒသမ ၉၅ သန်းသို့ ဈေးလျှော့ချပေးလိုက်သည်။
သို့တိုင်အောင် ရောင်းမထွက်ခဲ့သဖြင့် ယခုအခါ ကန်ဒေါ်လာ ၅ ဒသမ ၉၅ သန်းဖြင့် ပြန်လည်ဈေးကွက်တင်လာခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)