ဖိလစ်ပိုင်တွင် အိမ်ခြံမြေကဏ္ဌသည် ပြီးခဲ့သည့်နှစ်က နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးမှုနှုန်းအမြန်ဆုံးစီးပွားရေးများအနက် တစ်ခုဖြစ်စေသည် အထိ မောင်းနှင်ခဲ့ရာတွင် သေးငယ်သောအစိတ်အပိုင်းမှ ပါဝင်ခဲ့ခြင်းမဟုတ်ခဲ့ပေ။
၂၀၁၆ ၌ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) ဖွံ့ဖြိုးမှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဖိလစ်ပိုင်သည် အရှေ့တောင်အာရှ၏ အားကောင်းသော စီးပွားရေးစွမ်းဆောင်ရှင်များတွင် အပါအ၀င်ဖြစ်လာပြီဖြစ်သည်။ ၂၀၁၆ ၌ ကမ္ဘောဒီးယားနှင့် လာအိုတို့ကဂျီဒီပီဖွံ့ဖြိုးမှုနှုန်း ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့က ၆ ရာခိုင်နှုန်းနှင့် ၅ဒသမ ၁ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ် (World Bank) ၏ထုတ်ပြန်ချက်အရ သိရသည်။
ဖိလစ်ပိုင်အိမ်ခြံမြေသည် ၂၀၁၅ စတုတ္ထသုံးလပတ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ဖွံ့ဖြိုးခဲ့ရာမှ ၂၀၁၆ စတုတ္ထသုံးလပတ်တွင် ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ကြောင်း ဖိလစ်ပိုင်စာရင်း အင်းအာဏာပိုင်အဖွဲ့(PSA) က ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်စီးပွားရေးသည် ၂၀၁၆ စတုတ္ထသုံးလပတ်တွင် ၂၀၁၆ တစ်နှစ်တာလုံးအတွင်းအနှေးကွေးဆုံးအဖြစ် ၆ ဒသမ ၆ ရာခိုင်နှုန်းသာ မြင့်တက်ဖွံ့ဖြိုးခဲ့သော်လည်း ၆ ဒသမ ၅ရာခိုင်နှုန်းရှိခဲ့သည့် ၂၀၁၅ စတုတ္ထသုံးလပတ်ထက် သာလွန်ခဲ့ကြောင်း PSA ကထုတ်ပြန်ခဲ့သည်။ ၂၀၁၆ တတိယသုံးလပတ်တွင် ဖိလစ်ပိုင်ဂျီဒီပီသည် ၇ ဒသမ ၁ရာခိုင်နှုန်း မြင့်တက်ဖွံ့ဖြိုးခဲ့ပြီး အာဆီယံနိုင်ငံများအကြား အားအကောင်းဆုံးနှင့်သုံးနှစ်တာအတွင်း နိုင်ငံအတွက် အမြန်ဆုံးနှုန်းဖြစ်ခဲ့သည်။
ကမ္ဘာ့ဘဏ်က ယခု ၂၀၁၇ ခုနှစ်တွင် ဖိလစ်ပိုင်ဂျီဒီပီသည် ၆ ဒသမ ၉ ရာခိုင်နှုန်းဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားသည်။ ဖိလစ်ပိုင် အာဏာပိုင် များကလည်း ထိုပမာဏထက်ပိုသော ရည်မှန်းချက်များကိုချမှတ်ရန် ဆောင်ရွက်နေကြသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com