နာမည်ကျော် အမေရိကန်ဒီဂျေ ခါလက်က ကမ္ဘာကျော်အင်္ဂလန်အဆိုတော်၊ သရုပ်ဆောင်ရော်ဘီဝီလျံ၏ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ၁၀ သန်းခန့်ဖြင့် ဝယ်ယူလိုက်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဒီဂျေခါလက်၏ အမည်ရင်းမှာ ခါလက် မိုဟာမက် ခါလက်ဖြစ်ပြီး ဒီဂျေခါလက်ဟုသာ လူသိများသည်။
မူလအမည်မှာ Arab Attack ဖြစ်သော်လည်း ၉/၁၁ တိုက်ခိုက်မှုကြီးဖြစ်ပွားအပြီး ဒီဂျေခါလက်ဟု အမည်ပြောင်းလိုက်ခြင်း ဖြစ်သည်။
၂၀၀၇၊ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၆ ခုနှစ်တို့တွင် BET Hip Hop Awards က ချီးမြှင့်သော DJ of the year ဆုများ ရရှိခဲ့သည်။
BET Hip Hop Awards ကို ၂၀၀၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စတင်ကျင်းပစဉ်က DJ of the year ဆု မပါဝင်ခဲ့။
၂၀၀၇ ခုနှစ်တွင် DJ of the year ဆု စတင်ပေးအပ်ခဲ့ပြီး အဆိုပါနှစ်တွင် ဒီဂျေခါလက် စတင်ရရှိခဲ့ခြင်းဖြစ်သည်။
ဒီဂျေခါလက်၏ ဘဝတွင် လုပ်ဆောင်သမျှအရာရာ အောင်မြင်ခဲ့ရာ အိမ်ခြံမြေကစားပွဲများလည်း အပါအဝင်ဖြစ်သည်။
ယခုအခါ ခါလက်က အခြားအနုပညာကြယ်ပွင့်တစ်ဦးဖြစ်သူ ရော်ဘီဝီလျံ၏ နေအိမ်ကို ကန်ဒေါ်လာ ၉ ဒသမ ၉ သန်းဖြင့် ဝယ်ယူလိုက်နိုင်ခြင်းမှာလည်း သူ၏အောင်မြင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
ဝယ်ယူလိုက်သောနေအိမ်တွင် အိပ်ခန်း ၇ ခန်းပါဝင်ပြီး ရေချိုးခန်းမှာ ၁၁ ခန်းအထိ ပါဝင်သည်။
မူလဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၁၁ သန်းဖြစ်သော်လည်း ဒီဂျေခါလက်က ဗြိတိန်ကြယ်ပွင့်နှင့် ဈေးညှိနိုင်ခဲ့ခြင်း ဖြစ်သည်။
အကျယ်အဝန်း စတုရန်းပေ ၁၀၆၈၁ ရှိသော နေအိမ်ကို ၁၉၉၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခြံဝန်းအကျယ်အဝန်းမှာ ဧကသုံးမတ်ခန့် (၀ ဒသမ ၇၅ ဧက) ခန့် ကျယ်ဝန်းသည်။
ကုန်းမြင့်ပေါ်တွင် တည်ရှိခြင်းကြောင့် လော့စ်အိန်ဂျလိမြို့၊ တောင်တန်းများနှင့်
ချောက်ကမ်းပါးများကို အပေါ်စီးမှ ရှုမြင်နိုင်သည်။
မျက်နှာကျက်မြင့်မြင့်များ၊ အလွန်ကျယ်ပြန့်လှသော ခန်းမများ၊ များပြားလှသော ဖျော်ဖြေရေးနေရာများ ပါဝင်ခြင်းမှာ ကြယ်ပွင့်တစ်ဦးအတွက် အကောင်းဆုံးနိဗ္ဗာန်ဘုံတစ်ခု ဖြစ်သည်။
အိမ်နောက်ဘက် ခြံဝန်းကျယ်၊ ရေကူးကန်၊ အားကစားလေ့ကျင့်ရေးနေရာ၊ ဟင်းလင်းပြင်မီးဖိုဆောင်၊ ဧည့်ခန်းဆောင်နှင့် ကျယ်ပြောသော မြက်ခင်းပြင်တို့က ဒီဂျေခါလက်နှင့် မိတ်ဆွေများ ရှန်ပိန်သောက်ကြမည့်နေ့ရက်ကို စောင့်ဆိုင်းလျက်ရှိနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)