ဒူဘိုင်းအိမ်ခြံမြေငှားရမ်းခြင်း အငြင်းပွားမှုဖြေရှင်းရေးစင်တာကို ဒူဘိုင်းအကြီးအကဲ ရှိတ်ခ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တိုအမ်၏ အမိန့်ဖြင့် ဖွင့်လှစ်လိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အယ်လ်မက်ခ်တိုအမ်သည် ဒူဘိုင်းအကြီးအကဲဖြစ်သည့်အပြင် အာရပ်စော်ဘွားများပြည်ထောင်စု၏ ဒုတိယသမ္မတလည်း ဖြစ်သည်။
အငြင်းပွားမှုဖြေရှင်းရေးစင်တာသည် ဒူဘိုင်းမြေယာဌာနလက်အောက်ခံဖြစ်ပြီး အိမ်ခြံမြေငှားရမ်းမှုဆိုင်ရာ ကော်မတီမှာမူ ဒူဘိုင်းစည်ပင်သာယာရေး လက်အောက်ခံဖြစ်သည်။
ဒူဘိုင်း၏ နယ်နိမိတ်အတွင်းဖြစ်ပွားသည့် အိမ်ရှင်၊ အိမ်ငှားပြဿနာအားလုံးကို ယခုဌာနမှ စီရင်ဆုံးဖြတ်မည် ဖြစ်သည်။
သို့ရာတွင် အောက်ဖော်ပြပါ အကြောင်းရပ်များအတွက် တရားစီရင်ပိုင်ခွင့် အခွင့်အာဏာပေးအပ်မထားချေ။
(က) အထူးတရားရေးကော်မတီများနှင့် အိမ်ခြံမြေအငြင်းပွားမှုခုံရုံးများတည်ထောင်ထားသည့် free zones များရှိ အိမ်ခြံမြေငှားရမ်းခြင်းဆိုင်ရာ အငြင်းပွားမှုများ
(ခ) ဘဏ္ဍာငွေ မတည်၊ အငှားချစာချုပ်များမှ အငြင်းပွားမှုများ
(ဂ) ကာလရှည်အငှားချထားမှု စာချုပ်များမှ အငြင်းပွားမှုများကို ဆုံးဖြတ်ပိုင်ခွင့် မရှိချေ။
အငြင်းပွားမှု ဖြေရှင်းရေးစင်တာတွင် အဓိကဌာန ၂ ခုဖြင့် ဖွဲ့စည်းထားရာ တရားရေးဌာနနှင့် အုပ်ချုပ်ရေးဌာနတို့ဖြစ်သည်။
တရားရေးဌာနတွင် ဌာနခွဲ ၄ ခုပါဝင်ပြီး ညှိနှိုင်းရေးဌာန၊ အကဲဖြတ်သုံးသပ်တရားစီရင်ရေးဌာန၊ အယူခံဌာနနှင့် ဥပဒေအရ အကောင်အထည်ဖော်ရေးဌာနတို့ ဖြစ်ကြသည်။
အုပ်ချုပ်ရေးဌာနက တရားရေးကဏ္ဍအတွက် နည်းစနစ်ပိုင်းနှင့် အုပ်ချုပ်ရေးပိုင်း အကူအညီပေးရန်ဖြစ်သည်။
ညှိနှိုင်းရေးဌာနသည် အိမ်ငှားအငြင်းပွားမှုများကို တရားရေးအရ ကြားနာစီရင်ခြင်းမပြုမီ အချင်းချင်းညှိနှိုင်းကြရန် စေ့စပ်ပေးသည့် ဌာနဖြစ်သည်။
စေ့စပ်သည့်ကာလကို ၁၅ ရက်သတ်မှတ်ထားပြီး ကြီးကြပ်သည့်တရားသူကြီးက လိုအပ်လျှင် သက်တမ်းတိုးခွင့်ပေးထားသည်။
အငြင်းပွားသည့်နှစ်ဖက်သည် ဤအဆင့်တွင် ပြေလည်သွားကြလျှင် တရားဝင်သဘောတူညီချက်တစ်ခု ထုတ်ပြန်မည်ဖြစ်ပြီး ကြီးကြပ်သည့် တရားသူကြီးက လက်မှတ်ရေးထိုးပေးမည်ဖြစ်သည်။
သဘောတူညီချက်မရပါက ယင်းအမှုကို အကဲဖြတ်သုံးသပ်ရေးတရားစီရင်ရေးဌာနသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။
ယင်းဌာနတွင် ကော်မတီအများအပြားပါဝင်ပြီး ကော်မတီတစ်ခုစီတွင် တရားသူကြီးတစ်ဦးစီက ဥက္ကဌအဖြစ်တာဝန်ယူသည်။
အဓိကတာဝန်မှာ သက်ဆိုင်ရာ အိမ်ခြံမြေငှားရမ်းမှု အငြင်းပွားခြင်းသည် စင်တာ၏ ဆုံးဖြတ်ပိုင်ခွင့်ဘောင်အတွင်း ရှိ၊ မရှိ သုံးသပ်ရန်နှင့် စီရင်ဆုံးဖြတ်ရန် ဖြစ်သည်။
အကဲဖြတ်ရေးဌာနက ဆုံးဖြတ်လိုက်သည့်အမှုများကို ၁၅ ရက်အတွင်း အယူခံဌာနသို့ တင်သွင်းအယူခံခွင့်ရှိပြီး ဒူဘိုင်းငွေ ၁၀၀၀၀၀ အောက် အိမ်ငှားများမှာ အယူခံခွင့်မရှိဟု ဆိုသည်။
အကယ်၍ ၁၅ ရက်အတွင်း အယူခံမဝင်ခဲ့လျှင် အကဲဖြတ်ရေးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်သည်။
သက်ဆိုင်ရာအိမ်ငှားအား ဥပဒေအရဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးစာပေးပို့ပြီးနောက် ၁၅ ရက်ပြည့်သောနေ့တွင် ဥပဒေအရ အကောင်အထည်ဖော်မှုများ စတင်ဆောင်ရွက်မည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)