ဘဏ်မဟုတ်သည့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်သည့် လုပ်ငန်းများသည် ပမာဏ အများဆုံး အမေရိကန် ဒေါ်လာ ၁၀,ဝ၀ဝ (သို့မဟုတ်) ယင်းပမာဏနှင့်ညီမျှသည့် နိုင်ငံခြားငွေ ပမာဏအထိသာ လက်ဝယ် ထားရှိရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။
အဆိုပါ လုပ်ငန်းများသည် နေ့စဉ် နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ယခုသတ်မှတ်လိုက်သည့် နိုင်ငံခြားငွေ ပမာဏထက် ပိုမိုနေပါက အစောဆုံး ဘဏ်ဖွင့်ရက်တွင် ငွေလဲလှယ်လိုင်စင်ရ လုပ်ငန်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းသို့ ထည့်သွင်း အပ်နှံရမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင်က ဗဟိုဘဏ် အနေနှင့် ငွေလဲကောင်တာများ၏ ငွေကြေးကိုင်ဆောင်ခွင့်
ပမာဏကို အတိအကျ သတ်မှတ်ထားခြင်း မရှိကြောင်း ရန်ကုန်မြို့တော်အတွင်းရှိ ငွေလဲကောင်တာများထံမှ သိရသည်။
“ကျွန်တော့်အထင်တော့ ရှေ့မှာ Money Changer ဗန်းပြပြီး နောက်မှာ ငွေကြေးကစားနေတဲ့သူတွေကို ရည်ရွယ်ပြီး လုပ်တာထင်တယ်”ဟု Myanmar Sunflower ငွေလဲကောင်တာ ဒါရိုက်တာ ဦးအတူးလေးက ပြောဆိုသည်။
ယခု သတ်မှတ်လိုက်သည့် ငွေကြေး ပမာဏသည် နည်းပါးနေပြီး အမေရိကန် ဒေါ်လာ ၃၀,ဝ၀ဝ ခန့်အထိ ကိုင်ဆောင်ခွင့် ပေးသင့်ကြောင်း၊ သို့သော် ယခုသတ်မှတ်ချက်သည် ရောင်းချခွင့်ကို သတ်မှတ်ခြင်း မဟုတ်သည့်အတွက် ဈေးကွက်နှင့် ဈေးနှုန်းကို အပြောင်းအလဲ ဖြစ်ပေါ်နိုင်မည် မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
Credit: The Voice