ဝင်ရိုးစွန်းဒေသမှာ နေထိုင်တဲ့ အက်စ်ကီးမိုးတို့ရဲ့ ရိုးရာအိမ်လို ပြုလုပ်ထားတဲ့ တန်ဖိုးနည်းနေအိမ် smart home ကို မြန်မာနိုင်ငံမှာ ၀ယ်ယူလို့ ရနေပါပြီ။ သည်အိမ်လုံးလေးတွေကို ကျေးလက် ဒေသခရီးသွားလာရေး ဟိုတယ်တွေ၊ လုပ်အားပေးစခန်းတွေ၊ ရွှေ့ပြောင်းရုံးခန်းတွေ၊စားသောက်ဆိုင်တွေနဲ့ အေးအေးဆေးဆေး အနားယူချင်တဲ့ သူတွေက အများဆုံး ဆောက်
လုပ်နေကြတာ ဖြစ်ပါတယ်။သည်အိမ်လုံးလေးတွေက အခုံးပုံစံ ဖြစ်ပြီး အောက်ခြေပေ၂၀ ၊အမြင့်၁၂ပေနဲ့ ကြမ်းခင်းဧရိယာ ၃၁၄ စတုရန်းပေ ရှိတာ ဖြစ်ပါတယ်။
“သည်အိမ်တွေကို လုပ်ထားတာက fiber glass နဲ့ လုပ်ထားတာ ဖြစ်လို့ ခိုင်ခံ့တယ်၊မီးမလောင်ဘူး၊မုန်တိုင်းဒဏ်နဲ့ လေတိုက်နှုန်း ဒဏ်တွေကို တစ်နာရီ ၂၂၅ မိုင် ထိ ခံနိုင်တယ်၊ မီးလဲမလောင်ဘူး၊ အသံဆူညံမှုကိုလဲ ခံနိုင်တယ်။၁၅db လောက် လျော့ချပေးတဲ့အပြင် နှစ်၅၀လောက်ထိ စိတ်ချလက်ချ အသုံးပြုနိုင်တယ်”လို့ UD Groupက ဥက္ကဌဦးခင်မောင်ဝင်းက ပြောပါတယ်။
သည်အိမ်တွေရဲ့ ထူးခြားချက်ကတော့ အချိန်တွေ၊လူအင်အားတွေအများကြီး သုံးစရာမလိုဘဲ လူအနည်းဆုံး သုံးယောက်နဲ့ အချိန် ၃ နာရီလောက်မှာ ကရိန်းမလို နည်းပညာ မလိုဘဲ လွယ်လွယ်ကူကု ဆောက်နိုင်တယ်။ အလေးချိန်ကလဲ တန်ချိန်ဝက်လောက် သူလေးတာကြောင့် သယ်ယူရွေ့ပြောင်းရတာ အဆင်ပြေမှာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်တဲ့အခါမှာလဲ ကားအသေးလေးတွေနဲ့ တင်ပြီး သယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုချိန်မှာတော့ မန္တလေးမှာ ရှိတယ်။ ရန်ကုန်ကနေ မှာတဲ့ သူတွေဆိုရင်တော့ ကားဂိတ်ကို ပို့ပေးပါတယ်။ ပိုက်ဆံကတော့ ပို့ခတော့ ကိုယ့်ဘာသာရှင်းရမှာပါ သည်မှာ သုံးထားတဲ့ ကုန်ကြမ်းတွေက မြန်မာနိုင်ငံက ပစ္စည်းတွေကိုဘဲ သုံးထားတာပါ။ဈေးနှုန်းတွေကလဲ သက်သက် သာသာနဲ့ ရနိုင်အောင် ပြုလုပ်ပေးထားပါတယ်။”လို့ ဦးခင်မောင်ဝင်းက ဆက်ပြောပါတယ်။
သည်အိမ်ရဲ့ ဈေးနှုန်းတွေကတော့ class A ကို သိန်း ၃၀ ပေးရမှာ ဖြစ်ပြီး အပူခံပါ ပါပြီးသား class B ကိုဆိုရင် ၃၅ သိန်း ပေးရမှာ ဖြစ်တဲ့အပြင် အိမ်သာ၊ ရေချိုးခန်းပါ ပါတဲ့ class C ကိုဆိုရင် ၄၅ သိန်းပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အိမ်တွင်းအလှဆင်တဲ့ ပုံစံကိုတော့ စိတ်ကြိုက် ပြုလုပ်လို့ရမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။
Credit: Kumudra