မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့၏ ၁/၂ဝ၁၇ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁) ၌ ကျင်းပရာ မြန်မာ့အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် တက်ရောက်အမှာစကားပြော ကြားသည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် အထူးစီးပွား ရေးဇုန်များ၏ အခန်းကဏ္ဍသည် အလွန် အရေးပါသည့်အတွက် လက်ရှိဆောင် ရွက်ဆဲ အထူးစီးပွားရေးဇုန်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူး စီးပွားရေးဇုန်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေသည့် စီးပွားရေး အခြေအနေကောင်းများ ရရှိစေရေး၊ နိုင်ငံတော်အတွက် အဘက်ဘက်မှ စွမ်းရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ် များ ပေါ်ထွန်းလာနိုင်ရေးတို့အတွက် နိုင်ငံ တကာနှင့် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေး၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ ကို အကောင်အထည်ဖော်ပြီး ပြည်သူများ သိရှိအောင် ပွင့်လင်းမြင်သာမှုရှိစေရေး တို့အား အလေးထားဆောင်ရွက်ရမှာ ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အထူးစီးပွား ရေးဇုန်ကြီးသုံးခုကို ဆောင်ရွက်လျက် ရှိပြီး ရှေ့ဆက်၍ စီးပွားရေးဇုန်သစ်များနှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် နိုင်ငံ၏လက်ရှိလိုအပ်ချက်အရ စီးပွားရေး အမြန်ဆုံးတိုးတက်အောင် အများပြည်သူများ ပူးပေါင်းဆောင်ရွက် နိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်းချုပ်ဆိုမည့် စာချုပ်များအတွက် ဥပဒေကျွမ်းကျင်သူပညာရှင်များ ပါဝင် ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း။
လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် အထူးစီးပွားရေး ဇုန်များ ဥပဒေနှင့်အညီ လိုက်နာသွား ရမှာဖြစ်သလို ဒေသခံ ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတို့ အပေါ်တွင်လည်း ထည့်သွင်းစဉ်းစား ပေးကြရန်လိုအပ်ကြောင်း၊ မိမိတို့ဗဟို လုပ်ငန်းအဖွဲ့အနေဖြင့် အစိုးရအဖွဲ့နှင့် ဗဟိုအဖွဲ့တို့၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသလို အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီများသည် လည်း အထက်အဖွဲ့အစည်း အဆင့်ဆင့်၏ လမ်းညွှန်ကြီးကြပ်မှုများနှင့်အညီ ဆောင် ရွက်သွားကြရန် လိုအပ်ကြောင်း။
အထူးစီးပွားရေးဇုန်များ အောင်မြင် စွာ အကောင်အထည်ဖော်ဆောင်ရွက် ကြရာတွင် အမျိုးသားအကျိုးစီးပွားများကို ဦးတည်ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ အထူးစီးပွားရေးဇုန်များ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အမံနှင့် အလားအလာများကို အများ ပြည်သူထင်သာမြင်သာရှိအောင် ဆောင် ရွက်လာခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံလိုသူ များကို ဆွဲဆောင်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ အထူးစီးပွားရေးဇုန်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များက မိမိတို့ကဏ္ဍအလိုက် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ ဆွေးနွေးတင်ပြကြရာ ဆွေးနွေးချက်များ နှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်ပေး ကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Credit: MOI Webportal Myanmar