တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ရုံးခန်းနေရာများကို အင်တာနက်မှတဆင့် ရောင်းချခြင်းများအား ယာယီပိတ်ပင်လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရုံးခန်းနေရာများကို လူနေထိုင်နိုင်ရန်အတွက် တရားမဝင်ပြုပြင်မွမ်းမံခြင်းများ စစ်ဆေးတွေ့ရှိရခြင်းကြောင့် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
Developer အချို့၏ တရားမဝင်ဈေးကွက်အရောင်းမြှင့်တင်ရေး နည်းဗျူဟာများကြောင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရုံးခန်းအဆောက်အအုံခန်းများမှာ လူနေအိမ်အဖြစ် ရည်ရွယ်ဝယ်ယူသည့် ဝယ်လက်တို့ထံရောက်ရှိခဲ့ရာမှ လူနေအဖြစ် မွမ်းမံခြင်းများ ဖြစ်ကြောင်း “မြို့ပြ၊ ကျေးလက် ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကော်မရှင်” ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
ယခုတားမြစ်ချက်မှာ ရှန်ဟိုင်းမြို့လယ် ရုံးများအခြေစိုက်ရာ ဒေသရှိ ရုံးခန်းစီမံကိန်းများအပေါ် အဓိကသက်ရောက်မှု ရှိဖွယ်ရာရှိကြောင်း ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက် အကဲခတ်ပုဂ္ဂိုလ် လျူကိုင်လင်းက ပြောကြားသည်။
“ဒီလိုအခန်းတွေက ရုံးခန်းအဖြစ်အသုံးပြုဖို့ ဒီဇိုင်းဆွဲဆောက်လုပ်ထားတာပါ။ ဒါပေမယ့် လူနေအဖြစ်အသုံးပြုနိုင်တယ်ဆိုပြီး ဈေးကွက်တင်ရောင်းချနေကြတာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တရုတ်နိုင်ငံအတွင်း အိမ်ခြံမြေဈေးကွက် ငြိမ်သက်မှုရှိစေရန်အတွက် အိမ်ခြံမြေဝယ်ယူမှုများကို စည်းမျဉ်းများ တင်းကြပ်လိုက် သော်လည်း ရုံးခန်းနေရာများတွင် ရင်းနှီးမြှုပ်နှံကြရန် စိတ်ဝင်စားသူများပြားလျက်ရှိသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)