ရန်ကုန်မြို့ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်နေသည့် ဧရာဝဏ်-ရတနာတန်ဖိုးအသင့်အတင့်အိမ်ရာစီမံကိန်းမှ ပထမအဆင့်ဖြစ်သည့် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာများကို တခန်းလျှင် ကျပ်သိန်း ၆၀၀ နှင့် ၁၂၀၀ သတ်မှတ်ကာ တိုက်ခန်းပေါင်း ၁၀၀ ကျော် ရောင်းချခဲ့ရကြောင်း ယင်းအိမ်ရာစီမံကိန်းအရောင်းပြခန်းမှတာဝန်ရှိသူတဦးကပြောသည်။
''မနေ့ကအထိတော့ ၁၁၁ ခန်းပေါ့၊ ဒီနေ့ ၁၉ ခန်းဆိုတော့ အခန်းပေါင်း ၁၂၀ ရောင်းချပြီးသွားပါပြီ။ တချို့က အခန်းကျယ်တာကြိုက်တော့၁၂၀၀ တန် ၀ယ်ကြတာပေါ့။ တချို့ကျတော့လည်း သိန်း ၆၀၀ တန် ၀ယ်ကြတယ်။ တိုက်ခန်းတွေ ရောင်းချရတာက တော့ အတူတူလောက်ပါပဲ။ တိုက်ခန်းအပေါ်စိတ်ဝင်စားမှုတွေကလည်း သိပ်မကွာပါဘူး'' ဟု ၎င်းကပြောသည်။
ယင်းတိုက်ခန်းများကို ချေးငွေမယူဘဲ ၀ယ်ယူမည်ဆိုပါက မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သိန်း ၆၀၀ တန်နှင့် သိန်း ၁၂၀၀ တန်တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းတလုံး တခဲတည်းပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေ ၈၀ ရာခိုင်နှုန်းကို ၁၂ လအရစ်ကျပေးသွင်းရမည်ဖြစ်သည်။ ၁နှစ်ပြည့်၍ တိုက်ခန်းတန်ဖိုး ၁၀၀ ရာခိုင် နှုန်း ငွေသွင်းပြီးစီးသည့်အချိန်တွင် အခန်းအပ်မည်ဖြစ်သည်။
ထို့အပြင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ချေးငွေဖြင့် ၀ယ်ယူလိုသူများအနေဖြင့် သိန်း ၆၀၀ တန် ကို တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း တလလျှင် ၁၅ သိန်းဖြင့် ၁၂ လ (သို့မဟုတ်) တလလျှင် သိန်း ၃၀ ဖြင့် ၆ လ ပေးသွင်းရမည်ဖြစ်သည်။ သိန်း ၁၂၀၀ တန် တိုက်ခန်းကို ချေးငွေဖြင့် ၀ယ်ယူလိုသူများ အနေဖြင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို တလလျှင် သိန်း ၃၀ ဖြင့် ၁၂ လ (သို့မဟုတ်) တလလျှင် သိန်း ၆၀ ဖြင့် ၆ လ အရစ်ကျပေးသွင်းရမည် ဖြစ်သည်။ ကျန်ငွေ ၇၀ ရာခိုင်နှုန်းကို ၈ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၅ နှစ် စသည် ဖြင့် အရစ်ကျပေးသွင်းရမည်ဖြစ်သည်။
CHDB ဘဏ်ငွေချေးဖြင့် တိုက်ခန်းဝယ်လိုသူများ၏ မိသားစုဝင်ငွေသည် လ စဉ်ပေးသွင်းရမည့်ငွေထက် အနည်းဆုံး ၃ ဆ ရှိ၊ မရှိနှင့် ပတ်သက်ပြီး လိုအပ်သည့် အချက်အလက်များကို ဘဏ်မှ စိစစ်မည်ဖြစ်သည်။ ဘဏ်မှ စိစစ်သည့်အခါ အချက်အလက်အထောက်အထားများ ကိုက်ညီပါက ငွေချေးပေးမည်ဖြစ်သည်။ ယင်းကဲ့သို့ ဘဏ်ချေးငွေဖြင့် အရစ်ကျ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများသည် သတ် မှတ်ထားသည့်အတိုင်း ငွေသွင်းပြီး၍ တနှစ် ပြည့်သည့်အခါတွင် နေထိုင်ခွင့်ရမည်ဖြစ် သည်။ ကျန်ငွေများကို ယင်းတိုက်ခန်းတွင် နေထိုင်ရင်းဖြင့် လစဉ်ပေးသွင်းရမည်ဖြစ်သည်။
ယင်းအိမ်ရာရှိအဆောက်အဦ ၄ ခု ကို စတင်ရောင်းချခြင်းဖြစ်ပြီး အဆောက်အဦတခုလျှင် အခန်းပေါင်း ၂၇၆ ခန်းရှိကြောင်း ယင်းတိုက်ခန်းတန်ဖိုး ငွေအကျေ ပေးသွင်းပြီးပါက ပိုင်ရှင်အမည်ပေါက်ပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တိုက်ခန်းတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးနေသော်လည်း အချို့တိုက်ခန်းများမှာ မီးစနစ်၊ ရေစနစ်များ ပြု လုပ်ရန် ကျန်ရှိနေသေးသည့်အတွက် ၂၀၁၇ ခုနှစ် မေလမှသာ လူနေထိုင်ခွင့်ရမည်ဖြစ်သည်။ အဆိုပါ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Credit: News Watch