ကာတာနိုင်ငံတွင် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးကွင်း တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိသော လုပ်သားများအား နေရောင်ခြည်စွမ်းအင်သုံး အအေးပေးဦးထုပ်များ ဖြန့်ဝေပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဖလားကျင်းပရေးကော်မတီ
(SC) က ထုတ်ဖော်ပြောကြားသည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နွေလများတွင် ကာတာ၏ အပူချိန်သည် ၅၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလေ့ရှိရာ ယခုဦးထုတ်များက အပူချိန်ကို ၁၀ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချပေးနိုင်သည်ဟု ဆိုသည်။
“ဒီလိုမျိုး ခန္ဓာကိုယ်အခြေပြု အအေးပေးနည်းပညာကို အမေရိကန်မှာ စသုံးခဲ့တာပါ။ အပူချိန်မြင့်တဲ့ပြည်နယ်တွေမှာ အားကစား ကဏ္ဍအတွက် သုံးခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့က အခုဒါကို ဆောက်လုပ်ရေးကဏ္ဍမှာ ပထမဆုံးစသုံးတာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက အပူချိန်မြင့်တဲ့ဒေသတွေရဲ့ ဆောက်လုပ်ရေးကဏ္ဍအတွက် နည်းပညာတော်လှန်ရေး တစ်ရပ်ဖြစ်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ကာတာတက္ကသိုလ်၊ အင်ဂျင်နီယာကောလိပ်မှ ပါမောက္ခ ဒေါက်တာ ဆက် အဗ္ဗဒူ အဇစ် အဗ္ဗဒူဂါနီက ပြောကြားသည်။
ဂါနီသည် ၂၀၂၀ ကမ္ဘာ့ဖလားဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အဆိုပါနည်းစနစ်ကို အသုံးပြုနိုင်ရန်အတွက် ကမ္ဘာ့ဖလား ကျင်းပရေးကော်မတီ (SC) နှင့် ပူးပေါင်းအကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဦးထုပ်ကို ဆောင်းထားပါက ကိုယ်ခန္ဓာအပူချိန်ကို ၁၀ ဒီဂရီစင်တီဂရိတ် လျှော့ချနိုင်မည် ဖြစ်သည်။
ယင်းဦးထုပ်ကို အသေးစိတ်စမ်းသပ်ခဲ့ပြီးဖြစ်ကာ
ကမ္ဘာတစ်ဝန်းအတွက် မူပိုင်ခွင့်ရယူပြီးဖြစ်သည်ဟု ဆိုသည်။
ဒိုဟာအခြေစိုက် သိပ္ပံပညာရှင်များနှင့် Aspire Zone Foundation (Aspire) တို့လည်း ယင်းဦးထုတ် ထုတ်လုပ်ရေးတွင် ပါဝင်ခဲ့ကြသည်။
“နေစွမ်းအင်သုး ပန်ကာက ဦးထုပ်ဆောင်းထားသူရဲ့ မျက်နှာရှေ့ကို လေအေးတွေ ဖြတ်သန်းစေမှာဖြစ်ပြီး အလုပ်သမားအတွက် အအေးပိုင်းဇုန်ငယ်လေးတစ်ခု ဖန်တီးပေးမှာ ဖြစ်ပါတယ်” ဟု ဂါနီက ပြောကြားသည်။
ဦးခေါင်းနှင့် မျက်နှာ၏ အပူချိန်ကို လျှော့ချပေးခြင်းဖြင့် ကျန်သည့်ခန္ဓာကိုယ်တစ်ခုလုံး၏ အပူချိန်မှာလည်း လိုက်ပါပြောင်းလဲလာမည်ဖြစ်ကာ အလုပ်သမားများအဖို့ တစ်နေ့လုံး အေးမြသည့်အခြေအနေကို ရရှိမည်ဟု ဆိုသည်။
ဦးထုပ်၏ အလေးချိန်မှာ ၃၀၀ ဂရမ်သာရှိပြီး နည်းပညာမှာ အန္တရာယ်ကင်းရှင်းကာ ထိရောက်မှုရှိကြောင်းလည်း ဂါနီက ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)