လက်ပံတောင်းတောင် စီမံကိန်းအတွက် သိမ်းယူခဲ့မှုများအား လျော်ကြေးဆက်လက်ပေးမည်ဖြစ်ပြီး လျော်ကြေးမယူသေးသူများကို စည်းရုံးဆောင်ရွက်သွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ ဦးရဲထွဋ်က စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်ရှိမရှိ၊ ထိုကော်မတီကို ပြန်လည်ဖွဲ့စည်းမည်ဆိုပါက မည်သည့်အချိန်တွင် ဖွဲ့စည်းမည်၊ ထိုသို့ဖွဲ့စည်းရာတွင် ဒေသခံများအား ထည့်သွင်းဖွဲ့စည်းရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က “လက်ပံတောင်းတောင်ဒေသမှာ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးမယူသေးတဲ့သူတွေ အများအပြား ရှိနေပါသေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုစီမံထားလဲ သိလိုပါတယ်”ဟုမေးမြန်းသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက “လျော်ကြေးနဲ့ ပတ်သက်ပြီးတော့ နှစ်ခုတွေ့ရပါတယ်။ တချို့က လျော်ကြေးပေးတာကို လက်ခံတဲ့သူရှိပါတယ်။ တချို့ကတော့ အကြောင်းအမျိုးမျိုးနဲ့ လျော်ကြေးကို လက်မခံတာတွေရှိပါတယ်။ လျော်ကြေးကို လက်ခံတဲ့သူတွေကို လျော်ကြေး ဆက်လက်ပေးသွားမှာပါ။ လျော်ကြေး လက်မခံတဲ့သူတွေကိုတော့ စည်းရုံးပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟုပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာပါ အကြံပြုချက်များမှ ဆက်လက်ဆောင်ရွက်ရမည့်အချက်ငါးချက်ဖြစ်သည့် မြေယာလျော်ကြေးနှင့် မြေယာထောက်ပံ့ကြေးများ ထုတ်ပေးခြင်း၊ မိုင်းပိတ်သိမ်းမှု ရန်ပုံငွေထားရှိရေး ဆောင်ရွက်ခြင်း၊ ဒုတ္ထာလွှမ်းမြေများ ဖယ်ရှားခြင်းနှင့် အပေါ်ယံ မြေဆီလွှာသယ်ဖို့ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ်များရရှိရေး ဆောင်ရွက်ခြင်း၊ မြေယာဆုံးရှုံးခဲ့သည့် ရွာသူရွာသားများအတွက် လစဉ်ထောက်ပံ့ကြေးပေးခြင်း လုပ်ငန်းရပ်များဖြစ်ကြောင်း၊ ကြေးနီသတ္တုတွင်း စီမံကိန်းလုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းရန်အစီအစဉ်မရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပူးပေါင်းစီမံခန့်ခွဲမှု ကော်မတီက ပူးတွဲအကောင်အထည်ဖော်ရေးအဖွဲ့တွင် တိုင်းဒေသကြီး ၀န်ကြီးတစ်ဦး ဦးစီးလျက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူများ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာဝမ်ပေါင်မှ တာဝန်ရှိသူများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လစဉ်ကျင်းပလျက်ရှိကြောင်း ၎င်းကပြောကြားသည်။
Credit: Eleven Media Group