တည်ဆောက်မှု၏ ၃၅ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်သည့် အဆင့်မြင့် ဘက်စုံသုံး
လူနေရပ်ဝန်းစီမံကိန်းတစ်ခုဖြစ်သည့် Junction ကို ၂၀၁၇ ခုနှစ်တွင် အပြီးသတ်နိုင်ရန်
ရည်မှန်းထားကြောင်း ရွှေတောင်ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်
ဦးအောင်ဇော်နိုင်က ပြောသည်။
ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
တို့က အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံထားပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် အရင်း
အနှီးရှိသော စီမံကိန်းမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင်
တည်ရှိသည်။
အထပ်မြင့် အဆောက်အအုံများဖြင့် တည်ဆောက်ကာ အကောင်အထည်ဖော်သွားမည့်
ယင်းစီမံကိန်းသည် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုသာမက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများလည်း
ပါဝင်ကာ ရန်ကုန်မြို့လယ် ဧရိယာ၌ အထင်ကရနေရာ တစ်နေရာ ဖြစ်လာမည်ဖြစ်ကြောင်း
၎င်းကပြောသည်။
လက်ရှိအချိန်တွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဈေးကွက် အေးစက်နေသော်လည်း
ရေရှည်စီမံကိန်းဖြင့် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ရှင်များအတွက် ဆက်လက်လုပ်ဆောင်
သွား ရန် အလားအလာရှိကြောင်း ၎င်းကပြောသည်။ "အခုလက်ရှိ ဖြစ်ပေါ်နေတဲ့
ဈေးကွက် ငြိမ်သက်မှု အခြေအနေတွေက အချိန်အကြာ ကြီး ဖြစ်နေမယ့်အနေအ
ထားမျိုး မဟုတ်ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့က ရေရှည်စီမံကိန်းတွေနဲ့ သွားနေ
တာဆိုတော့ လက်တလောဈေးကွက်က သက်ရောက်မှုမရှိဘဲ ပုံမှန်ဆက်သွားနိုင်မှာပါ" ဟု
ဦးအောင် ဇော်နိုင်က ပြောသည်။ ရန်ကုန်မြို့တွင် တည်ဆောက်ရေးလုပ်ငန်းများ၌
ရင်းနှီးမြှုပ်နှံမှုများ လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင်မြင့်တက်လာသည့် အချိန်တွင်
အဆင့်မြင့်ဘက်စုံသုံး လူနေရပ်ဝန်းများ၊ ကွန်ဒိုမီနီယံများနှင့် အဆင့်မြင့် ရုံးခန်း
အဆောက်အအုံများကို ဈေးကွက်အတွင်း အပြိုင်အဆိုင် စတင်မိတ်ဆက်လာခဲ့ကြ
သည်။ အဆိုပါ Junction City စီမံကိန်းသည် လည်း ရန်ကုန်မြို့တော် စည်ပင်သာ
ယာရေး ကော်မတီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် မှုကို ၂၀၁၃ ခုနှစ်တွင်
သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။
ယင်းစီမံကိန်းတွင် အပိုင်းနှစ်ပိုင်းခွဲခြား တည်ဆောက်သွားမည်ဖြစ်ပြီး ပထမအပိုင်း
Phase 1 တွင် ၂၃ထပ်အမြင့်ရှိသည့် Junction City Tower ရုံးခန်းအဆောက်အအုံ၊
ငါးထပ်အမြင့်ရှိ Junction City ဈေးဝယ်စင်တာနှင့် ၂၅ထပ်အမြင့်ရှိပြီး အခန်းပေါင်း
၃၄၈ ခန်း ပါဝင်မည့် Pan Pacific Yangon ဟိုတယ်ကို တည်ဆောက်သွားမည်ဖြစ်
သည်။ ဒုတိယပိုင်း Phase 2 တွင်မူ အထပ် ၂၈ ထပ်အမြင့်ရှိသော ၀န်ဆောင်မှုပါဝင်
သည့်လူနေအဆောက်အအုံကို တည်ဆောက်မည် ဖြစ်ကာ ယင်းအဆောက်အအုံကို
ပထမပိုင်း တည်ဆောက်ပြီးစီးမည့် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှသာ စတင်ဆောက်လုပ်
မည် ဖြစ်သည်။
ရုံးခန်းအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူ
ပူးပေါင်းဆောင်ရွက်မှုဖြစ်ကာ ရွှေတောင် ဂျန်းရှင်းစီးတီးကုမ္ပဏီက ၅၅ ရာခိုင်နှုန်း၊
စင်ကာပူနိုင်ငံ Kappal Land ကုမ္ပဏီက ၄၀ ရာခိုင်နှုန်းနှင့် City Square Development
ကုမ္ပဏီက ၅ ရာခိုင်နှုန်း ပါဝင် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
ထို့ပြင် ဟိုတယ် ရင်းနှီးမြှုပ်နှံမှုပိုင်းတွင် လည်း Pan Pacific Hotel Group မှ ၂၀
ရာခိုင်နှုန်းပါဝင်ကာ ရွှေတောင်ဂျန်းရှင်းစီးတီးကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်းနှင့် City Square
Development ကုမ္ပဏီက ၅၁ ရာခိုင်းနှုန်းတို့ ပါဝင်ကာ ဈေးဝယ်စင်တာ တည်ဆောက်
မှုတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် City Square Development ကုမ္ပဏီက ၅၁
ရာခိုင်နှုန်းဖြစ်ပြီး စင်ကာပူ နိုင်ငံ New Asia Investment က ၁၀ ရာခိုင်နှုန်း ဖြစ်ကာ
ရွှေတောင်ဂျန်းရှင်းစီးတီးကုမ္ပဏီက ၃၉ ရာခိုင်နှုန်းတို့ဖြစ်သည်။ ဈေးဝယ်စင်တာတွင်
ရုပ်ရှင်ရုံ ခြောက်ရုံ ပါဝင်မည်ဖြစ်ကာ IMAX Ready စနစ်ဖြင့်ပြသသည့် ရုပ်ရှင်ရုံများလည်း
ပါဝင်မည် ဖြစ်ပြီး စားသောက်ဆိုင်ခန်းများ၊ နိုင်ငံတကာ အမှတ်တံဆိပ် လက်လီအရောင်း
ဆိုင်များ ပါဝင်သည်။ဲ Junction City စီမံကိန်း၏ ပထမပိုင်းတွင် ပါဝင်သည့် Junction City
ဈေးဝယ်စင်တာနှင့် Junction City Tower ရုံးခန်းအဆောက် အအုံနှစ်ခုသည် ၂၀၁၇ ခုနှစ်
ပထမ လေးလပတ်တွင် ပြီးစီးရန် ရည်မှန်းသည်။
Pan Pacific Yangon ဟိုတယ်မှာ ၂၀၁၇ ခုနှစ် နောက်ဆုံးသုံးလပတ်အထိလျာထားသည်။
အကျိုးအမြတ် ခွဲဝေမှုအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူ
ပူးပေါင်းဆောင်ရွက်သည့်အတွက် တည်ဆောက်မှုဧရိယာအပေါ် မူတည်ကာ စည်ပင်သာ
ယာက ၅၁ ရာခိုင်နှုန်းနှင့် ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ၄၈ ရာခိုင်နှုန်း ပိုင်ဆိုင်
မည်ဖြစ်သည်။ လုပ်ငန်းအားလုံး၏ စီမံခန့်ခွဲမှုအပိုင်းကိုမူ ကုမ္ပဏီက သာ လုပ်ဆောင်
မည်ဖြစ်သည်။ မြို့တော်စည်ပင်သာယာရေးကို ၎င်းတို့ရရှိမည့် အကျိုး အမြတ်အတွက်
ကျပ် ၁၂ ဒသမ ၀၈ ဘီလျံ ကို ပေးဆောင်ရသည့်အပြင် ကျပ် ၅ ဒသမ ၈ ဘီလျံကို
နှစ်စဉ်ပေးဆောင်သွားရမည်ဖြစ်ကြောင်း ဦးအောင်ဇော်နိုင်က ပြောသည်။
"ကျွန်တော်တို့က ဒီအဆောက်အအုံ အားလုံးပြီးသွားလို့ အခန်းတွေကို တစ်ခန်းချင်း
ရောင်းပြီး အကျိုးအမြတ်ခွဲမယ်ဆို ဒီစီမံကိန်း က အဆင်ပြေမှာ မဟုတ်ပါဘူး။
အဲဒါကြောင့် ကျွန်တော်တို့ ရေရှည်ငှားရမ်းမှုနဲ့ သွားပါမယ်။ ကျွန်တော်တို့ ဒီအပေါ်
ကနေ အကျိုးအမြတ် တွေကို တဖြည်းဖြည်းချင်း ရရှိပါမယ်။ ရန်ကုန် မြို့တော် စည်ပင်
သာယာရေးက သူပိုင်တဲ့အပိုင်းတွေကို ကျွန်တော်တို့က ပြန်ငှားပြီး စီမံခန့်ခွဲမှုအားလုံးကို
ကုမ္ပဏီကပဲ လုပ်သွား မှာ ဖြစ်တဲ့အတွက် စည်ပင်သာယာကို နှစ်စဉ် ငှားရမ်းခပုံစံမျိုး
ကျပ် ၅ ဒသမ ၈ ဘီလျံ နှစ်စဉ်ပေးသွားမှာပါ" ဟု ၎င်းကပြောသည်။
ဘက်စုံသုံး လူနေရပ်ဝန်းသည် ယခင် ဗိုလ်ချုပ်အောင်ဆန်းဈေးသစ် မြေနေရာ
၆ ဧကကျော် ကျယ်ဝန်းသည့် ဧရိယာပေါ်တွင် တည်ဆောက်မှုဧရိယာမှာ စတုရန်းမီတာ
၂၆၀,၀၀၀ ကျယ်ဝန်းပြီး ကားစီးရေ ၁,၅၀၀ ခန့် ရပ်နားနိုင်မည့် ကားပါကင်ပါဝင်မည်ဖြစ်
ကာ စီမံကိန်းအဆောက်အအုံ အားလုံးကို စင်ကာပူ နိုင်ငံ DP Architects က ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနှင့် အကျိုးတူ
ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြသည့် Kappal Land
ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၁၉၉၀ ခုနှစ်ကတည်းကပင် ကမ္ဘာအေးဘုရားလမ်း
ဆီဒိုးနား ဟိုတယ်လုပ်ငန်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံ ခဲ့ပြီး Pan Pacific Hotel
Group မှာလည်း Park Royalဟိုတယ်လုပ်ငန်းဖြင့် ၁၉၉၇ ခုနှစ် ကတည်းပင်
ရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံရှိသူ များဖြစ်ကြောင်း ဦးအောင်ဇော်နိုင်က ပြောသည်။
"မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုတွေ ဒီထက်လာရောက်နိုင်
တဲ့ အလားအလာကောင်းတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် ဟိုတယ်လုပ်ငန်း
ရင်းနှီးမြှုပ်နှံမှုတွေ၊ ရုံးခန်းအဆောက် အအုံရင်းနှီးမြှုပ်နှံမှုတွေက ကောင်းမွန်တဲ့
အကျိုးအမြတ်တွေ အများကြီးရနိုင်တဲ့ အနေ အထားတွေ ရှိပါတယ်" ဟု Pan
Pacific Hotel Group နှင့် Kappal Land ကုမ္ပဏီတို့မှ တာဝန်ရှိသူများက ပြောသည်။
၂၀၁၇ ခုနှစ်တွင်ဖွင့်လှစ်နိုင်ရန် ရည်မှန်း ထားသည့် အဆိုပါ ဈေးဝယ်စင်တာသည်
ရန်ကုန်မြို့တွင် အကြီးဆုံး ဈေးဝယ်စင်တာ တစ်ခုဖြစ်လာနိုင်သည်။ သို့သော် မြန်မာနိုင်ငံရှိ
ဈေးဝယ်စင်တာများမှာ နိုင်ငံတကာနှင့် ယှဉ်ပါက များစွာဖွံ့ဖြိုးရန် လိုအပ်နေသေး ကြောင်း
Shwe Taung Property Management ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ
ဒေါ်စန္ဒာထွန်းက ပြောသည်။
"ကျွန်မတို့ နိုင်ငံက ဈေးဝယ်စင်တာတွေ က နိုင်ငံတကာက ဈေးဝယ်စင်တာတွေနဲ့
ယှဉ်ရင် အများကြီးလိုအပ်နေပါသေးတယ်။ နိုင်ငံတကာမှာဆို ကျွန်မတို့ဆီက အကြီးဆုံး
လို့ ပြောလို့ရတဲ့ ဈေးဝယ်စင်တာတွေရဲ့ ၁၀ ဆလောက်က သူတို့ဆီမှာ ပုံမှန်အနေ
အထားမျိုးဖြစ်တဲ့အတွက် ကျွန်မတို့ဘက်က ဒီထက်ကောင်းတဲ့ ဈေးဝယ်စင်တာတွေ
ပေါ်ထွက်လာဖို့ အလားအလာတွေ ရှိပါသေး တယ်။ လက်ရှိတော့ Junction Square က
ဂျန်းရှင်းစင်တာတွေထဲမှာ အကြီးဆုံးဖြစ်နေ ပေမယ့် Jucntion City စင်တာ ပေါ်လာရင်
တော့ သူက အကြီးဆုံးဖြစ်မှာပါ" ဟု ၎င်းက ပြောသည်။
Credit: mmtimes