တနင်္သာရီတိုင်းဒေသကြီးတွင် ပထမဆုံးနှင့် အမြင့်ဆုံး ဖြစ်လာမည့် အထပ်မြင့်ကွန်ဒိုကို ထားဝယ်မြို့၌ အမေရိကန်ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်မြို့ ကမ်းနားလမ်း ထားဝယ်မြစ်ကမ်းအနီး အင်အားပြင်း ငလျင်ဒဏ်ခံနိုင်ပြီး စူပါမားကက်၊ အားကစားကွင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ အပါအဝင် အလွှာ ၁၉ ထပ်ပါရှိမည့် Gold Coast ကွန်ဒိုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Dewant International Construction ကုမ္ပဏီက ၃ နှစ်စီမံကိန်းဖြင့် တည်ဆောက်မည်ဖြစ်သည်။
‘‘အဓိကကတော့ ထားဝယ်ဒေသကို ဖွံ့ဖြိုးတိုးတက်စေချင် တယ်။ လူနေမှုအဆင့်အတန်းလည်း ပိုမိုမြင့်မားလာစေချင်လို့ လူလတ်တန်းစားတွေ ဝယ်ယူနိုင်မယ့် အခန်းတွေကို ရောင်းချပေးသွားမယ်’’ဟု Dewant International Construction ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ မစ္စတာဇန်ရှီယောင်က ပြောသည်။
ထိုကုမ္ပဏီသည်တရုတ်နိုင်ငံအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် ထားဝယ်မြို့၌ ပထမဦးဆုံး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်း
ဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစီမံကိန်းဧရိယာဖြစ်သော ၁ ဒသမ ၅ ဧကကို ဒေသခံ မြေပိုင်ရှင်နှင့် အကျိုးတူ လုပ်ဆောင်ခြင်းဖြစ်ကာ ယင်းဧရိယာအတွင်း ၁၉ ထပ်စီပါဝင်သည့် ကွန်ဒို ၅ လုံး တည်ဆောက်မည်ဖြစ်ပြီး လူနေတိုက်ခန်းအပါအဝင် အခန်းပေါင်း ၅၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကွန်ဒိုစီမံကိန်းအတွက် နိုဝင်ဘာအတွင်း မြေစမ်းသပ်မှုများ စတင်ပြုလုပ်နေပြီး ပြီးစီးပါက သက်ဆိုင်ရာဌာနသို့ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထား
မည်ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာက ပြောသည်။
‘‘တရုတ်နိုင်ငံမှာဆိုရင် ဒီလို စီမံကိန်းမျိုးဆိုရင် ၁ နှစ်ခွဲ လောက်နဲ့ ပြီးစီးသွားအောင် ဆောက်နိုင်ပေမယ့် ဒီဒေသကရာသီဥတုနဲ့အစိုးရဌာနလုပ်ငန်းပိုင်းဆိုင်
ရာတွေကြောင့် ၃ နှစ်လောက် အချိန်ယူထားတယ်။ ဒီအဆောက်အအုံကို ထားဝယ်ဒေသရဲ့ စံပြဖြစ်စေဖို့ နည်းပညာပိုင်းဆိုင်ရာတွေအရ အခိုင်ခံ့ဆုံး လုပ်ဆောင်သွားမယ်’’ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် ကွန်ဒိုတည်ဆောက်ရန်အဆောက်အအုံခွင့်ပြုချက် တောင်းခံထားခြင်း မရှိသေးကြောင်း၊ ခွင့်ပြုချက်တောင်းခံလာပါက အထပ်မြင့်အဆောက်အအုံ ဖြစ်နေသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများသို့ တင်ပြသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Credit: 7Day News