မန္တလေးမြို့ မြို့ပြဧရိယာနေရာများတွင် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် ဇုန် ၁၆ ဇုန်ခွဲကာ ရေးဆွဲသတ်မှတ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
မန္တလေးမြို့တော်တွင် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာသည့် ကဏ္ဍများကို စနစ်ကျသော ဆက်စပ်မှုများဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နောင်ဆယ်စုနှစ်များ၌ ဖြစ်ပေါ်လာမည့် လူမှုစီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးကွန်ရက်များကို စနစ်တကျစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လက်ရှိမြို့ပြ အကွက်ချတည်နေရာများတွင် ဇုန်များသတ်မှတ်ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့၍ စီစဉ်ရခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
‘‘ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာမယ့် အခြေခံလိုအပ်ချက် အခက်အခဲတွေ မဖြစ်ပေါ်လာအောင်လို့ပါ။ မန္တလေးဆိုတာက ဂုဏ်ယူဖွယ်ရာ အဆောက်အအုံတွေရှိတာကြောင့် အဲဒီမြင်ကွင်းတွေ အနှောင့်အယှက်အဖြစ်ခံလို့ မရတာတွေရှိတယ်။ ဒါကြောင့် ဘယ်နေရာမှာ ဘာတော့ မလုပ်သင့်ဘူးဆိုတာတွေ ကန့်သတ်ရေးဆွဲမှာပါ’’ဟု ဇုန်ခွဲခြား သတ်မှတ်ရေးစီမံကိန်းတွင် ပါဝင်သူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန ဌာနခွဲမှူး ဦးဇော်ဝင်းက ပြောသည်။
ခွဲခြားသတ်မှတ်မည့် ဇုန် ၁၆ ဇုန်မှ အဆင့်မြင့် အထပ်နိမ့် ပုဂ္ဂလိကအိမ်ရာဇုန်၊ အလယ်အလတ်အထပ်မြင့် အိမ်ရာဇုန်၊ အထပ်မြင့်အဆောက်အအုံများဇုန် (ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးသည့် သီးခြားဇုန်)၊ စီးပွားရေးဆိုင်ရာဇုန်၊ လူမှုစီးပွားရေးပါဝင်သော ဇုန်၊ မူလဓလေ့စရိုက်များနှင့် နေထိုင်သော ၀င်းများ၊ ကျုံးနန်း တော်ပတ်လည်တွင် သမိုင်းဝင် အမွေအနှစ်ထိန်းသိမ်းရေးဇုန်၊ မန္တလေးတောင်ဝန်းကျင်တွင် သမိုင်းအမွေအနှစ်ထိန်းသိမ်းရေးဇုန်၊ မန္တလေးတောင်တော်နှင့်ကျုံးမြို့ရိုးများကို မြင်ကွင်းရှုပ်ထွေးစေမှု၊ မြင်ကွင်းကွယ်မှု မဖြစ်ပေါ်စေရန် ဆောင်ရွက်သင့်သည့် ၀င်ရိုး(လမ်းကြောင်း)များ၊ဖွံ့ဖြိုးတိုးတက်မှုကန့်သတ်သည့်ဇုန်၊ ဖွံ့ဖြိုးတိုးတက်ရေးအားပေးသည့်ဇုန်၊ ပတ်ဝန်းကျင်ထိခိုက်စေမှုမရှိသော စက်မှုဇုန်၊ ပတ်ဝန်းကျင် ညစ်ညမ်းစေမှု မဖြစ်ပေါ်စေသော စက်မှုဇုန်၊ အန္တရာယ်ဖြစ်ပေါ်စေ တတ်သည့် ပစ္စည်းများ သိုလှောင် ထုတ်လုပ်ဖြန့်ဖြူးသော စက်မှုဇုန်၊ ယာဉ်ရပ်နားမှုနေရာများ ပါဝင်သော စိမ်းလန်းဇုန်၊ ကျန်းမာရေးလေ့ကျင့်ခြင်းများ ပါဝင်သော စိမ်းလန်းဇုန်တို့ ဖြစ်ကြသည်။
အဆိုပါဇုန်များအနက် မန္တလေးမြို့တော်နှင့် ကျုံး၊ နန်းတော် ၀န်းကျင်တွင် သမိုင်းအမွေအနှစ် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု ကန့်သတ်ရေးနှင့် အားပေးရေး၊ ယာဉ်ရပ်နားမှုနေရာများပါဝင် သော စိမ်းလန်းဇုန်၊ မန္တလေး တောင်နှင့် ကျုံးမြို့ရိုးမြင်ကွင်း မကွယ်စေရေးအစရှိသည့် ဇုန်များကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း စီမံကိန်းရေးဆွဲနေ သူများက ပြောသည်။
ဇုန်စီမံကိန်းရေးဆွဲရန် မန္တလေးစည်ပင်တွင် အင်ဂျင်နီယာ ၁၅ ဦး ထပ်မံခန့်ထားလိုက်ပြီး လိုအပ်သည့် သင်တန်းများ စတင်ပို့ချနေပြီဖြစ်ကာ မန္တလေး ၆ မြို့နယ်အတွင်း မြို့နယ်၊ ရပ်ကွက် အကွက်စိပ်အလိုက် လက်ရှိ တည်ရှိနေသော မြေကွက်နှင့် အဆောက်အအုံများဧရိယာ၊ အဆောက်အအုံ၊ အမျိုးအစား၊ အထပ်အရေအတွက်၊ လူဦးရေ၊ အခြေခံအဆောက်အအုံများ၏ အခြေအနေများကို စာရင်းပြုစုကာ ဇုန်စီမံကိန်းများ ရေးဆွဲမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
Credit: 7Day News