ကလေးတွေ ဆော့ကစားသော ပလတ်စတစ်အုတ်တွေနှင့် ဆောက်လုပ်ထားသော အိမ်များဟု မှတ်ထင်စရာ မြင်ကွင်းကို ထိုင်းတွင် တွေ့မြင်စ ပြုရသည်။ အ၀ါရောင်တိုက်ခန်းများ တစ်စထက်တစ်စ များပြားလာလျက် ရှိသည်။ ဘန်ကောက်မြို့ အပြင်ဘက်တွင် ပေါ်ထွန်းလာသော ထိုအ၀ါရောင် တိုက်ခန်းများကို ကြည့်ပြီး ယင်းတိုက်ခန်း ပုံစံထုတ်လုပ်ပေးသော ဗိသုကာများကို ဆုပေးဖို့ပင် ကောင်းနေသည်။
သို့ပေမဲ့ တိုင်းတစ်ပါးမှ လာရောက် အလုပ်လုပ်ကိုင်နေသူ ရာပေါင်းများစွာအတွက်ကတော့ မျက်စိအောက်တွင် တွေ့မြင်နေရသော တိုက်ခန်းများမှာ မိမိတို့နှင့် ဘာမျှမဆိုင်။ လုပ်ခနည်းလှသည့် ပြည်ပမှ ရောက်လာသော အလုပ်သမားတွေ၏ ဘ၀မှာ အင်မတန်မှ ဆင်းရဲ နုံချာလျက်ရှိသည်။ အစားဆင်းရဲသလို အနေလည်း ဆင်းရဲနေကြသည်။ တစ်ရွာပြောင်းခဲ့ပေမယ့် သူတိုတစ်တွေ အခြေအနေ မကောင်းကြ။
သူတို့တစ်တွေနေရသည်က ကုန်သေတ္တာများကို ပြန်လည် မွမ်းမံထားသော နေအိမ်များ ဖြစ်သည်။ ကုန်သေတ္တာ သုံးခုကို ဆင့်ဆောက်ထားသည့် နေအိမ်။ လမ်းသွားဖို့ လူသွားစင်္ကြံနှင့် လှေကားထစ် တပ်ပေးထား၏။
ထိုင်းနိုင်ငံတွင် လာမည့်နှစ်အတွင်း တန်ဖိုးကြီး အဆင့်မြင့် တိုက်ခန်းပေါင်း ၈၀၀ ခန့် ဆောက်ဖို့ စီစဉ်ထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သည် မိုးမျှော်တိုက်ကြီးများနှင့် ရင်သပ်ရှုမော အံ့သြစရာ ဖြစ်နေသည်။
သို့သော် ထိုင်းရောက် ပြည်မှအလုပ်သမားတွေ၏ အခြေအနေကတော့ စာရေးဆရာကြီးဂေါ်ကီ၏ The Lower Depths ‘အောက်ဆုံးအလွှာ’ ပြဇာတ်ထဲမှ လူသားတွေဘ၀နှင့် ဘာမျှမခြား။ ၁၉ ရာစုခေတ် ရုရှားပြည်သူ များသည် ခိုအိမ်ကဲ့သို့ ဖြစ်နေသော ညစ်ပတ်ပေရေနေသည့် အခန်းကျဉ်းလေးထဲမှာ နေထိုင်ကြရသည်။ မသေရုံတမယ်သာ စားသောက်နေကြရသည်။ အင်မတန်မှ ဆင်းရဲနုံချာလှသော အောက်ဆုံးအလွှာမှ လူသားများ၏ ဘ၀ကို ဖော်ကျူးထားသော ပြဇာတ်ကို ဂျပန်ရုပ်ရှင်ဒါရိုက်တာ မိနိုရူမူရာတာက ၁၉၂၁ တွင် ‘လမ်းမပေါ်မှ ၀ိညာဉ်’ အမည်ဖြင့် လည်းကောင်း၊ ပြင်သစ်ရုပ်ရှင်ဒါရိုက်တာ ဂျောန်ရေနွာက ၁၉၃၆ တွင် ‘အောက်ဆုံးအလွှာ’အမည်ဖြင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သော ချီတန်အာနန်က ၁၉၄၆ တွင် ‘ အောက်ဆုံးအလွှာ မြို့တော်’ အမည်ဖြင့် လည်းကောင်း၊ တရုတ်ဒါရိုက်တာ ကွမ်ကျိုးလင်က ၁၉၄၇ တွင် ‘ ညဥ့်တည်းခိုခန်း’ အမည်ဖြင့် လည်းကောင်း၊ ဆိုဗီယက် ရုပ်ရှင်ဒါရိုက်တာ အေဖရို လော့ဖ်က ၁၉၅၂ တွင် ‘အောက်ဆုံးအလွှာ’အမည်ဖြင့် လည်းကောင်း၊ ဂျပန်ဒါရိုက်တာကြီး ကုရိုဆာဝက ၁၉၅၇ တွင် ‘အောက်ဆုံးအလွှာ’ အမည်ဖြင့်လည်းကောင်း၊ ဖင်လန်နိုင်ငံမှ ဒါရိုက်တာ မီကိုနစ္စကန်နန်က ၁၉၆၆ တွင် မူလပြဇာတ် အခင်းအကျင်းအတိုင်း ‘အောက်ဆုံးအလွှာ’ အမည်ဖြင့် လည်းကောင်း ရုပ်သံဇာတ်လမ်း ရိုက်ကူးခဲ့သည်။
‘အောက်ဆုံးအလွှာ’ ပြဇာတ်မှ ဇာတ်ကောင်များ၏ ဘ၀မျိုး ကြုံနေရသော ပြင်ပမှ အလုပ်သမားများသည် ကုန်သေတ္တာထဲမှာ နေထိုင်ကြရသည်။ သေတ္တာတွေ၊ အိမ်တွေကြားမှာ မလူးသာ၊ မလွန့်သာ ဘ၀ ရောက်နေ သည်။ ယနေ့ခေတ်၏ အသုံးအဆောင်တစ်ခုဖြစ်သော ရုပ်မြင်သံကြားစက်ထားရန် နေရာလွတ်မရှိ။
‘‘ နေရတာ မဆိုးလှပါဘူး။ ကမ္ဘောဒီးယားမှာ နေရတာ ကောင်းပေမယ့် ပိုက်ဆံရတာ နည်းတယ်’’ ဟု ကမ္ဘောဒီးယားသူ ဒူယန်က ပြောသည်။ သူ့အသက်က ၂၈ နှစ်။ သူသည် အခြားသော ကမ္ဘောဒီးယား နိုင်ငံသားများ နည်းတူလစာ ပိုကောင်းမည်ဟု ထင်ရသော ထိုင်းနိုင်ငံသို့ ရောက်ရှိလာသူဖြစ်၏။ ကမ္ဘောဒီးယားမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသူ အရေအတွက်က လေးသန်းခန့် ရှိသည်။ ထိုင်းမှရသည့် လစာက နည်းပေမယ့် ကမ္ဘောဒီးယား ထက်တော့များနေသည်။ အောက်ခြေသိမ်း အလုပ်တွေကို ထိုင်းတွေက မလုပ်ချင်တော့သဖြင့် ပြည်ပမှရောက်ရှိလာသူများက လုပ်နေကြရသည်။
များသောအားဖြင့် ပြည်ပမှလာရောက် အလုပ်လုပ်ကိုင်ကြသူများမှာ ဘာအထောက်အထားမှမရှိ။ အိမ်နီးချင်းနိုင်ငံမှ ရောက်နေကြသည့် အလုပ်သမားများမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် စက်ရုံတွေမှာ လုပ်ကိုင်နေကြရမည်။ ပြည်ပမှလာရောက် လုပ်ကိုင်နေသည့် အောက်ခြေသိမ်းလုပ် နေရာသော အလုပ်သမားများ မရှိလျှင် ထိုင်းစီးပွားရေး အရှိန်အဟုန် ရပ်တန့်မည့် သဘောမှာ ရှိနေသည်။
‘‘ထိုင်းတွေ မလုပ်ချင်တဲ့ လုပ်ငန်းမှန်သမျှကို ပြည်ပမှ အလုပ်သမားတွေ လုပ်နေကြရတယ်’’ ဟု ဂျက်ဖလာအိုဗစ်က ပြောကြားသည်။ လာအိုဗစ်မှာ ထိုင်းအခြေစိုက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းမှ တာဝန်ရှိ ပုဂ္ဂိုလ်ဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်နေရသော လုပ်ငန်း အန္တရာယ် ကြီးမားကြောင်း၊ အခြေအနေမှာလည်း ဆိုးရွားနေကြောင်း၊ လစာမှာလည်း မမြင့်ကြောင်း သို့ပေမဲ့ မိခင်နိုင်ငံမှာထက်စာလျှင် ထိုင်းနိုင်ငံမှာ ရရှိသော လုပ်ခငွေမှာ မြင့်မားကြောင်း ၎င်းကမှတ်ချက်ချသည်။
လာအိုနိုင်ငံမှ လာရောက်လုပ်ကိုင်နေသူ ဒမ်က အသက် ၃၀ ရှိပြီ။ သူက ဂဟေဆော် လုပ်သားဖြစ်၏။ သူက တစ်နေ့ ၁၁ ဒေါ်လာရသည်။ လာဟိုထက်တော့ သုံးဆ ပိုရသည်။ ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်နေသောဒမ်က ရသည့်ငွေကို လာအိုနိုင်ငံရှိ လယ်သမားမိဘထံ ပြန်ပို့ပေးနေသည်။ ဒမ်ကတော့ ဘန်ကောက်မှာ နေရတာပျော်သည်ဟု ပြောဆိုချက်မှာ ချဲ့ကား ပြောနေခြင်းသာဖြစ်ကြောင်း ဘ၀တူရွှေ့ ပြောင်းလုပ်သားများက ပြောကြားသည်။
ကုန်သေတ္တာထဲတွင် နေရသည်မှာ လျှပ်စစ်မီးရှိသည် ဆိုပေမယ့် သောက်သုံးရေ မရ။ သီးသန့်ရေချိုးခန်း မရှိသဖြင့် လူအများသုံးသည့် နေရာမှာပဲ ရေချိုးကြရသည်။ ၁၂ မီတာ သာကျယ်သော ကုန်သေတ္တာကို လေးပိုင်း ပိုင်းထားသည်။ တချို့ဆိုလျှင် ကုန်သေတ္တာ တစ်ခုထဲမှာ မိသားစုတစ်စု နေကြရသည်။ မိဘများသည် ရင်သွေးငယ်များကို လမ်းကြားမှာပဲ ရေချိုးပေးရသည်။ တချို့ဆိုလျှင် ရွက်ဖျင်တဲထိုး၍ အိပ်စက်နေကြသည်။
အလုပ်သမားများ ဘ၀မှာ အင်မတန် ဆင်းရဲနုံချာနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အလုပ်သမား အဖွဲ့မှ စုံစမ်းစစ်ဆေးမှုပြုလည်း စာချုပ်ပါအတိုင်း လုပ်နေရကြောင်း သက်ဆိုင်ရာမှ ချေပခဲ့ကြသည်။ ထိုင်းငါးဖမ်း လုပ်ငန်းတွင် ရွှေ့ပြောင်းလုပ်သားများက အဓိက ပါဝင်နေမှုကြောင့် ဥရောပသမဂ္ဂမှ အမည်ပျက် စာရင်းသွင်းထားသည်။
နေ၀င်တော့မည်။ ကုန်သေတ္တာရှေ့ ကွက်လပ်တွင် ကလေးငယ်များ ဆော့ကစားနေကြသည်။ ကလေးငယ်များ အော်သစ်သံများဖြင့် ဆူညံနေကြသည်။ လူကြီးတချို့က ဘော်လီဘော ကစားနေကြသည်။ အလုပ်သမားတွေကတော့ ညအမှောင်တွင် သူတို့အတွက် အနားယူရမည့် အချိန်ဖြစ်သည်။ နံနက် ၅ နာရီ မိနစ် ၃၀ ဆိုလျှင် အိပ်ရာမှ ထကြရမည်။ ဆောက်လုပ်နေသော ကွန်ဒိုတိုက်ခန်း လုပ်ငန်းခွင်သို့ ၀င်ကြရမည်။ ကွန်ဒိုဆောက်လုပ်ရေး လုပ်ငန်းအဆုံးသတ်များလျှင် နောက်လုပ်ငန်းခွင် တစ်ခုဝင်ကြရမည်။
ကွန်ဒိုတိုက်ခန်းကြီးများကို လုပ်ခငွေနည်းနည်းဖြင့် ဆောက်လုပ်ပေးနေရသော ရွှေ့ပြောင်းလုပ်သားများကတော့ ခေတ်သစ် အောက်ဆုံးအလွှာများ ဖြစ်ကြပြီး သူတို့ တစ်တွေသည် ညစ်ပတ်ပေရေနေသော ကုန်သေတ္တာများထဲမှာ နေထိုင်ကြရသည်။
Credit: eleven media group