ဒီခေတ်မှာ အများဆုံး ရေပန်းစားလာတဲ့စကားလုံးက ပွင့်လင်းမြင်သာမှု ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ ဟုတ်ပါ တယ်။ ကျွန်တော်တို့ဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ခေတ်ကြီးထဲမှာ သက်တမ်းတစ်ခုလုံး နစ်မြုပ်နေထိုင်လာခဲ့ ရတာပါ။ အများပြည်သူလေ့လာသိရှိနိုင်တဲ့ ပညာရပ်တွေ၊ သိကောင်းစရာတွေကို အများပြည်သူမသိရှိနိုင်ဘဲ လူတစ်စု၊ တစ်ကွက်ကလေးသာ သိရှိနိုင်တဲ့အနေအထားကို ပြုပြင်ပြောင်းလဲပစ်ဖို့ကောင်းတာတော့ အမှန်ပါ။
ဆွေမျိုးသားချင်းထဲက မိသားစုတစ်စု အိမ်ရောင်းပါတယ်။ အိမ်ရောင်းလို့ရတဲ့ငွေနဲ့ တခြား အိမ်ပဲဖြစ်ဖြစ်၊ ကားပဲ ဖြစ်ဖြစ် ပြန်ဝယ်တဲ့အခါ ကိုယ့်ဘက်က ကင်းကင်းရှင်းရှင်းဖြူဖြူစင်စင်ဖြစ်စေချင်လို့ အိမ်ရောင်းရငွေကို အခွန် ဆောင်ချင်လို့ ပြည်တွင်းအခွန်များရုံးမှာတစ်နှစ်တစ်ခါ အခွန်အစစ်ဆေးခံ၊ အခွန်စည်းကြပ်ခံ၊ အခွန်ဆောင် အလုပ် လုပ်နေကျ ကျွန်တော့်ကို အကူအညီတောင်းတဲ့အတွက် ကျွန်တော် သူတို့မြို့နယ်ဆိုင်ရာအခွန်ရုံးကို သွားပြီး လိုက်ပါကူညီပေးပါတယ်။
သူတို့မိသားစုပြသနာတစ်ခုက သူတို့မောင်နှမတွေထဲမှာ ဆိုးတဲ့ စုန်းပြူးလူငယ်တစ်ယောက် ပါနေတယ်။ အဲဒီ ကောင်လေးကို ကြောက်ရလို့လည်း သူတို့အိမ်ကိုရောင်းဖြစ်သွားတာ။ နို့မို့လို့ကတော့ အိမ်ကိုငှားစား၊ ဒါဆို တစ်နေ့ ရွှေဥတစ်လုံးဥပေးတဲ့ငန်းပဲပေါ့။ သူတို့မှာ ရွှေဥကိုရောင်းစားဖို့ထက် ရွှေဥဥပေးတဲ့ငန်းကို သတ်ပစ်လိုက် ရတာ အဲဒီလူငယ်ကြောင့်။ ထားပါတော့လေ။ ဒါက သူတို့အတွင်းရေးပါ။ အိမ်ကိုရောင်းပြီးတော့ မောင်နှမတွေ အမွေခွဲကြတယ်။ အညီအမျှပေါ့။ နောက် အခွန်ဆောင်ဖို့ငွေကိုလည်း တွက်ချက်ပြီးတော့ အချိုးကျ ပြန်ထည့်ဝင် ကြတယ်။ အကြမ်းဖျင်း ဆယ်ရာခိုင်နှုန်းနဲ့ပေါ့။
အခွန်ဆောင်ဖို့ ကျွန်တော့်ဆီရောက်လာပြီး အကူအညီတောင်းတော့ ကျွန်တော်က မေးတယ်။ စာချုပ်ထဲမှာ ထည့်ချုပ်ထားတဲ့ပမာဏက တကယ်ရောင်းလိုက်ရတဲ့ပမာဏလား၊ လျှော့ချုပ်ထားတာလားလို့။ အဲဒီတော့ သူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တကယ်ရတဲ့ပမာဏပါတဲ့။ ဒါဆို မင်းတို့ အခွန်ဆောင်ရမယ့် ငွေက ဘယ်နည်းနဲ့မှ မလောက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အခွန်စည်းကြပ်ရေးအဖွဲ့က စာချုပ်ပါဈေးနှုန်းကို ဘယ်တော့မှ အယုံအကြည်မရှိဘဲ ပိုသတ်မှတ်ပြီး ပိုစည်းကြပ်တတ်တဲ့အတွက်လို့ ပြောလိုက်တော့ သူတို့တွေ မျက်စိပျက်မျက်နှာပျက်တွေကိုဖြစ်လို့။ စာချုပ်စာတမ်းသုံးပြီး အရောင်းအ၀ယ်လုပ်နေကျမဟုတ်တဲ့ သူတို့ရဲ့ အဖြစ်ကို ကြည့်ရတာ တော်တော်သနားစရာကောင်းပါတယ်။
သူတို့အဖြစ်က ထားပါတော့ဗျာ အိမ်ကို သိန်းတစ်ရာနဲ့ရောင်းလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေ ခွဲယူတယ်။ အခွန်ဆောင်ဖို့ ဆယ်သိန်း အချိုးကျ ပြန်ထည့်ကြတယ်။ ဒါပဲပေါ့။ သူတို့သိတာက ရိုးရိုးလေး။ ဒါဆို အိမ်ကို သိန်းခုနစ်ဆယ်လောက်နဲ့ ရောင်းပါတယ် လို့ ၀ယ်သူကို နားလည်အောင် ပြန်ညှိနှိုင်းပြီး စာချုပ်ပြန်ချုပ်ပါလားလို့ အကြံပေးတော့ ၀ယ်သူက အဲဒါမျိုးဆို လက်ခံမှာမဟုတ်ဘူးတဲ့။ သူက တစ်ခါဆို တစ်ခါပဲတဲ့။ သူတို့လည်း အရင်က ကြားဖူးနားဝရှိလို့ စာချုပ်မှာ လျှော့ချုပ်ပေးပါလို့ တောင်းဆိုတာကို ကျုပ်က ဒီလို ကလိမ်ကကျစ်အလုပ်မျိုး မလုပ်ဘူး၊ နိုင်ငံတော်အစိုးရကို နစ်နာစေမယ့်အလုပ်မျိုးမလုပ်ဘူးဆိုပြီး မျက်နှာမာမာနဲ့ပြောလို့ ပြန်ရှိခိုးရမတတ် တောင်းပန်ခဲ့ရသေးသတဲ့။
ကဲ ဒါဆိုလည်း ဘယ်တတ်နိုင်မလဲ ရုံးရောက်မှ ညှိကြည့်ရသေးတာပေါ့ဆိုပြီး သူတို့မြို့နယ်က အခွန်ဦးစီးဌာနကို လိုက်သွား၊ အနေအထားပြောပြပြီး အကူအညီတောင်းတော့ ဦးစီးမှူးကလည်း ကျွန်တော်မေးတဲ့အတိုင်း မေးတာပါပဲ။ ဘာလို့လျှော့မချုပ်တာလဲတဲ့။ လျှော့မချုပ်ရင်တော့ ပိုဆောင်ရမှာတဲ့။ ဒါပေမဲ့ အဲဒီဦးစီးမှူးက အကြင်နာတရားတော်တော်ရှိပုံပေါ်တယ်။ သူတို့ ကာယကံရှင်တွေကိုမပြောနဲ့ အကူလိုက်လာတဲ့ ကျွန်တော့်ကို တောင် နွေးနွေးထွေးထွေးဆက်ဆံတယ်။ သေသေချာချာရှင်းပြတယ်။
ဆရာရယ် ကူညီနိုင်တဲ့နည်းလမ်းလေးမရှိဘူးလားလို့ အားလုံးက ၀ိုင်းပြောကြတယ်။ တခြားသူတွေက နားလည်မှုရှိရှိနဲ့ ပိုဆောင်ရမယ့်ငွေကို အချိုးကျ ပြန်ထည့်ဝင်ကြမှာပေမယ့် ခုနပြောခဲ့တဲ့ စုန်းပြူးလေးကတော့ သူပေးစရာရှိတာပေးပြီးပြီ ထပ်မတောင်းနဲ့ မရဘူးလို့ ရာဇသံပေးထားတာတဲ့။ နောက်ဆုံး မတတ်သာတဲ့အဆုံး ကျရင်တော့ တိုးဆောင်ရမယ့်ပမာဏကို ကျန်တဲ့မောင်နှမတွေဘဲ စုန်းပြူးမပါ စုထည့်ကြတာပေါ့လို့ ညည်းကြ တယ်။ ဦးစီးမှူးက ကရုဏာသက်တဲ့အပြုံးနဲ့ ကြည့်ပြီး နည်းလမ်းတစ်ခုတော့ ရှိပါတယ်လို့ ပြောတယ်။ အားလုံး ရဲ့ မျက်လုံးတွေက ကျွန်တော်အပါအ၀င်ပါပဲ အရောင်တွေတောက်လာကြတယ်။ ဦးစီးမှူးက အပြုံးမပျက်ဘဲ သူ့နောက်ဗီရိုထဲက အခွန်စည်းကြပ်ခြင်းဆိုင်ရာ ဥပဒေ စာအုပ်တစ်အုပ် ယူပြီး တစ်နေရာကိုလှန်၊ စာပိုဒ်တစ်ပိုဒ် ကို လက်ထောက်ပြတယ်။
သူလက်ထောက်ပြတဲ့ ဥပဒေစာပိုဒ်ကို ကျွန်တော်လည်း သေသေချာချာမမှတ်မိတော့ဘူး။ အဲဒီတုန်းကတော့ နည်းနည်း သဘောပေါက်ခဲ့တယ်။ အထူးသဖြင့် မိဘတွေကွယ်လွန်သွားလို့ ကျန်ရစ်တဲ့သားသမီးတွေရောင်းတဲ့ အမွေဆိုင်အိမ်ခန်း၊ တိုက်ခန်း ဖြစ်မှ အဲဒီဥပဒေနဲ့အကျုံးဝင်တယ်ဆိုတာပဲ မှတ်မိတယ်။ ဒီနည်းနဲ့လုပ်ရင် မင်းတို့ ချန်ထားတဲ့ ဆယ်ရာခိုင်နှုန်းတောင် မဆောင်ရပါဘူးတဲ့။ အားလုံးရဲ့မျက်နှာတွေဟာ ၀င်းခနဲ၊ လက်ခနဲပါ။ ဒါတောင် မယုံမရဲနဲ့။ တကယ် အခွန်စည်းကြပ်ချလန်ထွက်လာတော့ ခြောက်သိန်းကျော်လောက်ပဲ ကျသဗျ။ မောင်နှမတွေ အဲဒီဦးစီးမှူးကိုသွားကန်တော့တော့ မုန့်တွေပဲလက်ခံပြီး ပိုက်ဆံတွေ လက်မခံဘူးဗျား။
ကျွန်တော်ပြောချင်တာက အဲဒီလိုဥပဒေမျိုး ရှိတယ်ဆိုရင် အများပြည်သူ စိတ်ဝင်စားသူတွေလေ့လာလို့ရအောင် ထုတ်ဝေဖြန့်ချိပေးဖို့ မလိုအပ်ဘူးလားဆိုတာပါ။ ကျွန်တော် လက်လှမ်းမီသလောက် အခွန်လောကကလူတွေ ကို မေးကြည့်တဲ့အခါ သူတို့တောင် ဒါကိုမသိဘူး လို့ ပြောပါတယ်။ သူတို့လို လောကသားအချင်းချင်းတောင် မသိသေးတာ ကျွန်တော်တို့လို အရပ်သားတွေ ဆို ဝေလာဝေးပေါ့ဗျာ။ ဒါကြောင့် အများသိသင့် တဲ့ဥပဒေ ဆိုင်ရာ အချက်အလက်တွေကို အများနားလည်နိုင် တဲ့ဝေါဟာရတွေနဲ့ ရေးသားမျှဝေဖြန့်ချိပေးထားမယ်ဆိုရင် နားမလည်မှုကြောင့်ဖြစ်ရတဲ့ အမှုအခင်းဖြစ် စဉ်တွေကို လျှော့ချထားနိုင်လိမ့်မယ်ဆိုတာ
မြေကြီး လက်ခတ်မလွဲ ပါပဲလို့ …
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com