လောကမှာ အသက်တစ်ရာမနေရပေမယ့် အမှုတစ်ရာတော့ ပွေရတတ်တယ်လို့ ဆိုရိုးရှိပါတယ်။ ကိုယ်က ကိုယ့်ဘာသာကိုယ် ကိုယ်ကျင့်တရားကောင်းမွန်အောင် ဘယ်လောက်ပဲထိန်းသိမ်းဆောက်တည်နေပါတယ် ဆိုပေမယ့် ကိုယ်က ကျုးလွန်လို့ ဖြစ်ရတာမဟုတ်တဲ့ အမှုအခင်းတွေနဲ့ လွှဲမရရှောင်မရလောက်အောင် ဘ၀တစ် ကွေ့ကွေ့မှာတော့ တွေ့ကြုံရင်ဆိုင်ရတတ်တာ ကိုယ့်အနီးပတ်ဝန်းကျင်မှာ မြင်တတ်ရင် အထင်းသားတွေ့နိုင် တဲ့ သာဓကတွေ အများကြီးရှိပါတယ်။
ကျွန်တော့်သူငယ်ချင်းမိန်းကလေးတစ်ယောက် မိဘကလည်း နှစ်ပါးစလုံးကွယ်လွန်၊ မောင်နှမတွေ အမွေခွဲရဖို့ အကြောင်းဖန်လာတော့ အဲဒီပြသနာထဲမှာ ကန့်လန့်ကန့်လန့်ဝင်ပါလိုက်မိတာက ခုနပြောခဲ့တဲ့အတွေးကို ပိုပြီး ထက်မြက်စေဖို့ဖြစ်လာတယ်။ အချိန်ကတော့ တော်တော်ကိုကြာခဲ့ပါပြီ။ ကြာဆို နှစ်ပေါင်းနှစ်ဆယ်တင်းတင်း ပြည့်ခဲ့ပြီပေါ့။ သူတို့ပိုင်တဲ့အိမ်က ခုဆို သိန်းကိုထောင်နဲ့ချီပြီးတန်နေပြီဖြစ်တဲ့ ရန်ကုန်မြို့လယ် လမ်းမကျယ်ကြီး ထဲက တိုက်ခန်းကျယ်ကြီးပါ။ လမ်းမကျယ်တိုက်ခန်းဖြစ်တဲ့အတွက် အရည်က ပေခြောက်ဆယ်တိတိရှိပါတယ်။
သာမန်တိုက်ခန်းတွေနဲ့မတူ နှစ်ခန်းတွဲတိုက်ခန်းဖြစ်တဲ့ အတွက်အကျယ်က ပေအစိတ်တိတိရှိပါတယ်။ မြေညီထပ်ဆိုတာ လူနေတိုက်ခန်းလုံးဝမရှိဘဲ အဲဒီမြေညီထပ် ကိုက လှေကားကြီးတစ်စင်းလုံးဖြစ်ပါတယ်။ လှေကားအကျယ်က ဆယ်ပေအေးအေးဆေးဆေးကျော်ပါတယ်။ သူတို့အိမ်ကို ကျွန်တော်တို့သူငယ်ချင်းတွေ သွားလည်တဲ့အခါ ရုပ်ရှင်ရုံကြီးတစ်ခု ကိုရောက်သွားရသလိုကို ခံစားရပါ တယ်။ မြေညီထပ်ရဲ့ လှေကားချည်း သက်သက် ရှိနေတဲ့ အကျယ်အ၀န်း၊ လှေကားကြီးရဲ့ ကြီးမားခံ့ထည်တဲ့ တည်ဆောက်ထားမှု စတာတွေက ၀င်လာသမျှလူတွေရဲ့အာရုံကို အပြည့်အ၀ဖမ်းစားနိုင်ခဲ့တာ အသေအချာပါ။
သူတို့အခန်းက အဲဒီမြေညီထပ် ကတက်သွား တဲ့ လှေကားကြီးရဲ့ ဦးတိုက်ရာ ပထမထပ်မှာပါ။ အပေါ်ထပ်တွေ ကျတော့ တစ်ဆစ်ချိုးကွေ့ သွားတဲ့လှေကားအိမ်ကြောင့် ၀င်ဝင်ချင်းလှေ ကားကြီးလောက် ကြီးမားခံ့ထည်မှု မပေါ်လွင်တော့ တဲ့အပြင် လှေကားအကျယ်ကလည်း သေးသွားပါတယ်။ ဒီတော့ သူတို့အနေနဲ့ နေရထိုင်ရတာ ဟာ ကျဉ်းကျုတ်ပိတ်လှောင်မှုမရှိတဲ့အပြင် လွတ်လပ်ပေါ့ပါးလှပါတယ်။ အဲဒီတိုက်ခန်းကို တစ်ထောင့်ကိုးရာကိုး ဆယ်ငါးခုနှစ်မှာ ကျပ် သိန်းလေးဆယ်တိတိနဲ့ ရောင်းထွက်ခဲ့ပါတယ်။
အခုခေတ်လူတွေရဲ့အမြင်မှာတော့ ဒီလို မြို့လယ်အခန်းကျယ်ကြီးတစ်ခုကို သိန်းလေးဆယ်နဲ့ရောင်းလိုက်တယ် ဆိုတော့ အလကားပေးလိုက်ရသလောက်နီးနီးကို နှမြောကြမယ်ထင်ပါတယ်။ အလကားပေးလိုက်ရသလောက် မဟုတ်သည့်တိုင် တကယ်တော့ အဲဒီခေတ်က မတန်တဆဈေးနဲ့ရောင်းလိုက်ရတာတော့ အမှန်ပါပဲ။ တကယ် လို့သာ သူတို့မိဘတွေ သက်ရှိထင်ရှားရှိပြီး ကြိုက်ဈေးနဲ့ရောင်းခွင့်ရမယ်ဆိုရင် အဲဒီခေတ်က သိန်းတစ်ရာ လောက် ကောင်းကောင်းရနိုင်တဲ့အနေအထားပါ။ သိန်းရှစ်ဆယ်လောက်နဲ့သာပြော မဆိုင်းဘဲဝယ်မယ့်သူ တစ်ဒါဇင်လောက်ရှိပါတယ်။
ဒါပေမဲ့ သူတို့မောင်နှမတစ်စု သိန်းလေးဆယ်နဲ့ပဲ ရောင်းဖြစ်လိုက်ပါတယ်။ အဲဒါ ဘာလို့ပါလဲ။
သူတို့တိုက်တစ်တိုက်လုံးကို အပိုင်စားရတဲ့ မြေရှင်က သူတို့ရောင်းဖို့အသံစထွက်ကတည်းက အပြင်ကို ကြေညာထားပါသတဲ့။ သူ့ပိုင်ဆိုင်မှုအောက်မှာရှိတဲ့ တိုက်ခန်းတွေကို ရောင်းချင်ရင် သူ့ကိုသာရောင်းရမယ်၊ အပြင်လူကိုမရောင်းရ။ အပြင်လူကိုရောင်းမယ်ဆိုရင် တိုက်ခန်းအရောင်းအ၀ယ်ကို သဘောတူတဲ့လက်မှတ် ထိုးပေးလိမ့်မည်မဟုတ်တဲ့ဗျာ။ ကိုယ် တန်ရာတန်ကြေးပေးဝယ်ထားတဲ့တိုက်ခန်းကို ကိုယ်ကြိုက်တဲ့ဈေးနဲ့ ရောင်းမယ့်ကိစ္စ မြေပိုင်ရှင်က ၀င်ရှုပ်လို့ရတယ်ဆိုတာ ကျုပ်တို့မြန်မာတစ်နိုင်ငံတည်းမှာပဲရှိတယ်နဲ့တူပါတယ်။ သူ သဘောမတူရင် မရောင်းရဘူးဆိုပြီးတော့ ရာဇသံပစ်ထားတဲ့အခန်းကို ဘယ်သူမှမ၀ယ်ရဲတာလည်း တော်တော်တော့ အံ့သြဖို့ကောင်းတယ်ဗျ။ ပါရမီဘက်က သူဌေးတစ်ယောက်က သိန်းခြောက်ဆယ်နဲ့ဝယ် မယ်လို့ သဘောတွေဘာတွေတူပြီးမှ အဲဒီကိစ္စသိသွားလို့ဆိုပြီး အရောင်းအ၀ယ်ပျက်သွားတယ်။ တကယ်လို့ သူတို့မောင်နှမတွေသာ အဲဒီအကြောင်းမပြောဘဲ စရန်ယူလိုက်ပြီး နောက်မှ မြေပိုင်ရှင်ကလည်း တင်းထား၊ ၀ယ်မယ့်သူကလည်း မ၀ယ်တော့လို့ စရန်ပြန်အမ်းဆိုရင် စာချုပ်အရ နှစ်ဆ။ ဖွတ်မရ ဓားမဆုံးရုံတင်မဟုတ် လုံကွင်းလေးပါ ဖွတ်နဲ့အတူပါသွားတော့မယ့်သဘော။
အိမ်ရှင်ကိုအရေးဆိုဖို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ကြည့်သေးတယ်။ ကြာမယ်တဲ့။ အလွန်ဆုံးလုပ်လို့ရ ညှိနှိုင်း တာလောက်ပဲတဲ့။ ကြားထဲက ရှေ့နေစားသွားမှာတဲ့။ ကိုယ့်ဘက်က ရှေ့နေခကို မူးစုပဲစုနဲ့ ပေးနေရချိန်မှာ ဟိုဘက်က အဲဒီရှေ့နေကို ငွေနဲ့ပေါက်ပြီးဝယ်လိုက်ရင် သွားရောတဲ့။ နောက်ပြီး ကိုယ့်ဘက်က မိန်းကလေးတွေ ပါနေတာ။ အနေကြာပြီး အဲဒီရှေ့နေနဲ့ ငြိသွားရင် အရင်းထဲက လိုက်လို့မဆုံးဖြစ်နေတော့မယ်တဲ့။
အဲဒါနဲ့ပဲ နောက်ဆုံးတော့ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး လူတိုင်းသွားရည်ကျ မက်မောကြတဲ့ လမ်းကျယ်ထဲက အခန်းကျယ်ကြီးကို ကာလပေါက်ဈေးရဲ့ထက်ဝက်လျော့လျော့လောက်ရှိတဲ့ တန်ကြေးနဲ့ မြေပိုင်ရှင်လက်ထဲ ထိုးအပ်လိုက်ရတော့တာပါပဲ။
အဲဒီဓလေ့က ကျွန်တော်တို့မြန်မာနိုင်ငံမှာ အမြစ်တွယ်နေပါပြီ။ ကိုယ့်အခန်းကိုယ်ရောင်းချင်တာကို မြေရှင် ကြည်ဖြူအောင် ပိုက်ဆံပေးပြီး နာမည်ပြောင်းလက်မှတ်ထိုးရတဲ့ခေတ်က ကုန်သင့်ပါပြီဗျာ။ နို့မို့ အခန်းရှင်တွေ မှာ အခန်းပိုင်ဆိုင်မှုအပြည့်အ၀မရသလိုဖြစ်မနေဘူးလား။ ဥပဒေပညာရှင်တွေကတော့ ပြောပါရဲ့။ ဒီလိုလုပ်တာ ဟာ ဥပဒေကြောင်းအရ တရားမ၀င်ဘူးတဲ့။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို တော်လှန်အောင်မြင်တဲ့ဖြစ်ရပ် ရှိခဲ့ဖူးပါသလား။ ကိုယ့်အခန်းကိုယ် ကြိုက်တဲ့သူကို ရောင်းမယ်၊ မြေရှင်က နာမည်ပြောင်းလက်မှတ်ထိုးပေး၊ အခန်းရှင်က သဒ္ဓါကြေးလောက်ပေး တော်ပြီပေါ့ဗျာ။ ခုတော့ မြေရှင်က သူ့ကြိုက်ဈေးမရရင် ရောင်းခွင့်မရသလိုဖြစ်မနေဘူး လား။ ဒီအဖြစ်မျိုးတွေ ပြောင်းလဲဖို့တန်ပြီလို့သာ ပြောပါရစေတော့။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com