ကျွန်တော့်အဖေပြောဖူးခဲ့တဲ့စကား ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်လောက်က ပြောခဲ့တာပါ။ တို့ ရန်ကုန်က နောင်ကျရင် စားရေး၊ ၀တ်ရေးထက် နေရေး ပိုခက်လာမယ်ကွ တဲ့။ အဲဒီစကားပြောခါစက ကျွန်တော် အဖေပြောတာကို သိပ်သဘောမပေါက်သေးပါဘူး။ ကျွန်တော့် တက္ကသိုလ်ကျောင်းနေဖက်သူငယ် ချင်း တချို့ အိမ်ငှားဘ၀နဲ့နေနေရတာ အေးဆေးပဲလေ။ မသိရင် သူတို့ ဓားမဦးချ နေထိုင်လာတဲ့ အိမ်ပိုင်ရာပိုင် များလားတောင် အောက်မေ့ရရဲ့။
ဒါပေမဲ့အဲဒီစကားပြောခဲ့ပြီး နှစ်နှစ်ဆယ်လောက်ကြာတဲ့
အချိန်ကျတော့ အဖေ့စကားက တစ်စတစ်စမှန်လာပါ လားဆိုတာ မျက်ဝါးထင်ထင်မြင်နေရပြီ။ အငှားစနစ်နဲ့နေနေကြတဲ့ အိမ်ထောင်စုတွေ တစ်နှစ်တစ်ခါ အိမ်ပြောင်းရတဲ့ ဒုက္ခကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရပြီ။
လုပ်ငန်းလုပ်ဖို့တိုက်ခန်းငှားတဲ့သူငယ်ချင်းတစ် ယောက်က ပြောတယ်။ ကျွန်တော်တို့ တစ်နှစ်စာအတွက် ငှားခရှာရတယ်ဆိုတာ ဆယ့်နှစ်လစာရှာရတာ မဟုတ်ဘူးတဲ့။ ဆယ့်သုံးလစာ ရှာရတာတဲ့။ ပိုတဲ့တစ်လက ပွဲခတဲ့။ သူပြောတာ သွေးထွက်အောင်မှန်သားဗျ။ ကျွန်တော့်ရှေ့တင် အိမ်ငှားခပေးရတာ ဆယ့်သုံးလစာ။ ပွဲစားက တစ်လစာ အိတ်ထဲကောက်ထည့်၊ အိမ်ရှင်က လည်း ရတဲ့လခကို ရေကြည့်တဲ့ပြီးသကာလ တစ်လစာ ပွဲစားကိုပေး။ အိမ်ငှား ပေးရတာက ဆယ့်သုံးလစာ၊ အိမ်ရှင်ရတာက ဆယ့်တစ်လစာ၊ ကြားထဲက နှစ်လစာ ပွဲစားအိတ်ထဲရောက်။
ဒါက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က အိမ်ငှားတွေရဲ့ဘ၀။ နောက်ပိုင်း ပွဲစားတွေရဲ့ လောဘကြီးမှုကြောင့် တစ်နှစ်စာချုပ်တွေလည်း တဖြည်းဖြည်းတိမ်ကောလာခဲ့။ ခြောက်လတစ်ဖြတ်လောက်ပဲ စာချုပ်ချုပ်ကြ။ စာချုပ် သက်တမ်းတိုးပါမယ်ဆိုရင် လာထား အိမ်လခပိုမြင့်တဲ့ဈေးနဲ့။ ဒီလိုနဲ့ အိမ်ပိုင်မရှိလို့ ငှားနေကြရတဲ့ အိမ်ငှားတွေ ရဲ့ဘ၀ ကိုယ်ရှာတဲ့ဝင်ငွေ အိမ်ရှင်ကိုထိုးအပ်ပြီး ပိုတာကိုမှ ကိုယ်စားရတဲ့အဖြစ်။ ဒီတော့ ဒီတစ်ဖြတ် အကွက်အကွင်းကျတဲ့နေရာမှာ တစ်သိန်းနဲ့ငှားတဲ့အိမ် နောက်တစ်ဖြတ်ကျတော့ ဈေးမြင့်လို့ဆက်မငှားနိုင်၊ဒီဈေးနဲ့ရမယ့်အကွက်အကွင်းသိပ်မကျတဲ့နေရာကို ပြောင်း၊ နောက် အသစ်တစ်ဖြတ်ကျတော့ လက်ရှိအခန်းက အိမ်လခတိုးတောင်း၊ ဒီတော့ အကွက်အကွင်းကျဖို့နေနေသာသာ ပိုခေါင်တဲ့နေရာကို ထပ်ပြောင်း။ အိမ်ငှားခ ထပ်မလိုက်နိုင်လို့ကတော့ တဖြည်းဖြည်းနဲ့ ချောင်ကလောင်ထဲကို ခေါင်းထိုးဝင်ရတော့တဲ့ အိမ်ငှားတွေဘ၀။
စာချုပ်စေ့ခါနီးတစ်လလောက်အလိုဆိုရင် အိမ်ငှားတွေ တွက်ရချက်ရပြီ။ စုံစမ်းလေ့လာမှုတွေပြုရပြီ။ အခုငှားနေ တဲ့နေရာမှာ အခုငှားနေတဲ့လခနဲ့ ဘယ်လိုမှမဖြစ်နိုင်တော့ နေရာကိုမက်ပြီးပဲ ငွေကိုတိုးပေးမလား၊ ဒီကုန်ကျ စရိတ်လောက်နဲ့ပဲ ချောင်ထဲကို ထပ်ရွှေ့မလား။ ရန်ကုန်မှာ နေရေးက ပိုခက်လာပြီကွ ဆိုတဲ့ အဖေ့စကားက ကျွန်တော့်အကြားအာရုံမှာ တ၀ဲဝဲရယ်တဲ့တလည်လည်။
ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ရန်ကုန်မှာ စားဖို့နဲ့ဝတ်ဖို့ကပဲ ခက်တာ နေရေးကတော့ မခက်ရေးချမခက်။ ကြိုက်တဲ့ဘုန်းကြီးကျောင်းသွား၊ ဆွမ်းကျန်ဟင်းကျန်လေးတောင် ကပ်စားလို့ရသေး။ ဘုန်းကြီးကျောင်းတွေက နေ ခြေကုပ်ယူပြီး မွေးထုတ်လိုက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာသည်တွေ လက်ညှိုးထိုးမလွဲ။
ဘုန်းကြီးကျောင်းမှာမနေချင်တဲ့သူတွေအနေနဲ့လည်း ကိုယ့်ဇာတိရပ်ရွာက ရပ်ဆွေရပ်မျိုးတွေအိမ်မှာ အဆင်ပြေသလို လှည့်နေလို့ ရသေး။ ကျွန်တော်တို့ ပန်းဘဲတန်းမြို့နယ်ထဲက မြေညီထပ်အိမ်လေးမှာ 1970 ၀န်းကျင်လောက်က ဆွေမျိုးတွေအနည်းဆုံး လေးငါးယောက် အမြဲရှိပေါ့။ ကျွန်တော့်အဘွားက ၀ါးခယ်မဇာတိ။ ၀ါးခယ်မကလာတဲ့ ဆွေမျိုးသားချင်းတွေ ပြတ်တယ်ရယ်မှမရှိတာ။ ဒီလိုပဲ နေလို့ရတာပဲ။
နွေဘက်များဆို အိမ်ရှေ့ကတ္တရာလမ်းပေါ်မှာ ထိုးထားတဲ့ ကွပ်ပျစ်ကြီးပေါ်တက်လက်ဖက်ရည်ကြမ်းဝိုင်းနဲ
့ ရှေးဟောင်းနှောင်း ဖြစ်တွေ ပြောကြ၊ မိုးချုပ် ညဥ့်နက်လာတော့ အဲဒီကွပ်ပျစ်ကြီးပေါ်တင် အိပ်လိုက်ကြ။ ခြင်ထောင်မလို၊ လေလေးက တဖြူးဖြူးနဲ့။
နောက်ပိုင်း ဧည့်သည်ကျဲသွားတဲ့ 1980 တစ်ဝိုက်မှာတောင် ကျွန်တော့်အစ်ကိုဝမ်းကွဲ သုံးယောက်လောက် ပုံနှိပ်စက်ပညာသင်အနေနဲ့ အိမ်မှာပဲနေကြ။ ဒီလိုပဲ တခြားလုပ်ငန်းတွေမှာလည်း ပညာသင်တွေ၊ အကူတွေ လာပြီးတော့ နေကြ။ လူတစ်ယောက်ရဲ့စရိတ် ဘာများကြီးတာမှတ်လို့။
ဒါက အခန်းပိုမရှိတဲ့ မြို့ထဲတိုက်ခန်းရဲ့ ဖြစ်တည်မှုရာဇ၀င်။ အခန်းပို၊ မြေပိုရှိတဲ့ မြေကွက်ထဲကအိမ်လိုမျိုးဖြစ်လို့ကတော့ ဘာပြောကောင်းမလဲ နယ်က လာတဲ့ ဆွေမျိုးသားချင်းတွေအတွက် ဘူမိနက်သန်မြေကောင်းမှန်တဲ့ အောင်မြေအမွန်ပဲ။
ဒီတော့ နယ်ကတက်လာပြီး ရန်ကုန်မှာ ကြီးပွားရာကြီးပွားကြောင်းရှာကြသူတွေဟာ နေစရိတ်မကုန်၊ စားစရိတ်လောက်နဲ့ ၀တ်စရိတ်လောက်ပဲ ရှာနိုင်ရင် ရန်ကုန်မှာ ကျောတစ်နေရာစာ ရတယ်။
ဒီခေတ်မှာတော့ ကျောတစ်နေရာစာ သေချာပြီဆိုမှ တခြားအရေးတွေစဉ်းစားရဲတော့တာ။ ကျောတစ်နေရာစာအတွက် ရပ်ဆွေ ရပ်မျိုးတွေကို အားကိုးလို့ရတဲ့ခေတ်လည်း မဟုတ်တော့ဘူး။ ဘုန်းကြီးကျောင်းတွေမှာလည်း အရင်ကလို မချောင်တော့ဘူး။ ဒီတော့ ဘုရင့်နောင်ဖောင်ဖျက်ရန်ကုန်တက်ပြီး ငွေရှာတော့မယ်
ဆိုရင် ဘယ်မှာနေမလဲ အရင် စဉ်းစား၊ မတတ်သာရင် ကျူးကျော်အနေနဲ့ရပ်တည်။အဲဒီလိုနဲ့ ငွေရှာဖို့ရေ
ခံမြေခံကောင်းတဲ့ရန်ကုန်ရွှေမြို့တော်ကြီးမှာအကျည်းတန်တဲ့နာမပညတ်တစ်ခု ထပ်တိုးလာခဲ့ရ။ အဲဒါက ကျူးကျော် တဲ့။
ဘယ်သူကရော အဲဒီအကျည်းတန်နာမည်ကြီး တံဆိပ်ကပ်ခံချင်ပါ့မလဲနော်။ ဒါပေမဲ့လည်း မိသားစုဘ၀တွေ အိနြေ္ဒရရ ရပ်တည်နိုင်ဖို့ နာမည်အကျည်းတန်တာမတန်တာ အပထား၊ ဘ၀အကျည်းမတန်ရအောင် ရတဲ့အခွင့် အရေး ရတုန်းရခိုက်ယူပြီး ကျောတစ်နေရာစာခင်းနိုင်ဖို့ အားထုတ်ရတာ သူတို့အတွက် မဟာစွန့်စားခန်းတစ်ခု။
အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုကနေ ပြဋ္ဌာန်းတဲ့ လူနေမှုပုံစံအရ ရန်ကုန်ကို တောင်ပြိုကမ်းပြိုရွေ့လာ ပြီး ဘ၀ရပ်တည်မှုအတွက် ခြေကုပ်ယူတဲ့နေရာမှာတော့ ကျုးကျော်ဆိုတဲ့ အကျည်းတန်ဘွဲ့ကိုပဲ ငြင်းပယ်လို့မရ စွာ ထွေးပိုက်ရင်း ကျောတစ်ခင်းစာအိပ်မက် ဆက်မက်နေကြရဦးမှာကတော့ ကနေ့ ရန်ကုန်မြို့ပြရဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်နေပါတော့တယ်။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com