အိမ်ထောင်ကျပြီးခါစ ကျွန်တော် သုဝဏ္ဏကိုရောက်တော့ အဲဒီမြို့ကလေးမှာ သုံးဆယ့်ရှစ်ဗိုက်ပူကားတွေ ခေတ်ကောင်းတုန်း။ ခေတ်ပေါ်အဖြစ် ရှိတာက လေးဆယ့်ခြောက် ဟိုင်းလပ်စ်ကားလေးတွေ။ ဒီကားတွေရဲ့ မြို့ထဲအထိစီးရသည့်တန်ကြေးက နှစ်ကျပ်တိတိ။ ကျွန်တော်ရသောဝင်ငွေက တစ်လ ကျပ်ငါးရာ။ ဒါက တစ်ထောင့်ကိုးရာကိုးဆယ်ပြည့်နှစ် နှောင်းပိုင်းကာလ။
အဲဒီတုန်းက ကျွန်တော် ကျွန်တော့်မြို့ကလေးကို အလွန်ချစ်သည်။ ဘာကြောင့်ဆို မြို့ထဲက လူကျပ်ကျပ်၊ ကားကျပ်ကျပ် မွန်းညပ်နေသော မြို့ပြအငွေ့အသက်များ ကင်းစင်ရာ ကျေးလက်မက မြို့ပြမကျ မြို့ငယ်လေး ရဲ့ အခင်းအကျင်းတွေက ရန်ကုန်မြို့လယ်သား ကျွန်တော့်ကို ကောင်းကောင်းကြီးဖမ်းစားနေခဲ့။ ကျွန်တော်က မိဘလက်ငုတ်လက်ရင်း ပုံနှိပ်စက်မှာ ကာလာလက်ခွဲသမားအဖြစ် အလုပ်ဝင်နေဆဲ။ ကျွန်တော့်အိမ်ပြန်ချိန်က ညနေ ခြောက်နာရီ။
ကျွန်တော့်ဇနီးက ကျောင်းဆရာမဆိုတော့ နေ့လယ် တစ်နာရီလောက်ဆိုရင် အိမ်ပြန် ရောက်နေပြီ။ ကျွန်တော့်အလာကိုစောင့်ရင်း ညနေစာကို ချက်ပြုတ်ပြင်ဆင်ထား၊ ကျွန်တော်ရောက်တော့ ဇနီးမောင်နှံနှစ်ယောက် ထမင်းလက်ဆုံစား၊ အညောင်းပြေအညာပြေ လမ်းထွက်လျှောက်၊ လက်ဖက်ရည်ဆိုင် ထိုင်၊ ပြီးတော့ ပြန်ပြီး ညနက်တော့ အိပ်။ ကျွန်တော်တို့မှာ အဲဒီတုန်းက တီဗီမရှိ၊ ကက်ဆက်မရှိ။ ကျွန်တော်တီး သည့် ဂစ်တာအိုလေးတစ်လက်နှင့် ညလယ်ပိုင်းသံစဉ်တွေဖန်တီး။ ပရိသတ်က ကျွန်တော့်ချစ်လှစွာသောဇနီး။
သည်လို ပြီးပြည့်စုံသည်ဟု ကိုယ့်ဘာသာကိုယ်ယူဆထူထောင်ထားသည့်အိမ်ထောင်ရေးက ကျွန်တော့်ကို ဆွဲဆောင်အားကောင်းနေလေတော့ ကျွန်တော့်အမေက ဟဲ့ ထမင်းစားသွားလေ ဆိုတဲ့စကားကို ဥပေက္ခာပြုလို့ ခြောက်နာရီဝန်းကျင်လောက် လက်ရှိအလုပ်တွေ လက်စသတ်၊ ရေမိုးချိုး၊ တစ်ခါတလေ မျက်နှာလောက်ပဲ သစ် ပြီး ကျွန်တော် အိမ်ပြန်လစ်လေတော့တာပေါ့။ များသောအားဖြင့် ကျွန်တော် စီးလေ့ရှိတာက ဗိုက်ပူချက်ပလက် ဘတ်စ်ကား သုံးဆယ့်ရှစ်အ၀ါရောင်။ သူက ဆူးလေဘုရားလမ်း ဟိုးအောက်ဘလောက် ဘဏ်ခွဲသုံးရှေ့မှာ ဂိတ်ထိုးတယ်။ အဲဒီအထိ လမ်းလျှောက်၊ ပြီးရင် ဆိုက်လာတဲ့ကားပေါ် အလုအယက်တက်၊ နေရာတစ်ခုရပြီဆို ရင် သာသာယာယာပဲ။
အဲဒီတုန်းက မီးကလည်း ခဏခဏပျက်။ ပျက်သမှ တစ်နေ့လုံးကို နေ့တစ်ဝက်ပဲပေးတယ်ဆိုတော့ နေ့လယ် တစ်နာရီဆိုရင်ပဲ မီးက ပျက်ပြီ။ နောက်တစ်နေ့ကျတော့ မနက်ပိုင်းမီးပျက်ပြီး နေ့လယ်တစ်နာရီမှာ ပြန်လာ။ ဒီလို နေ့နဲ့ည တစ်လှည့်စီပေးနေတဲ့အချိန်ဆိုတော့ ကျွန်တော့်အိမ်ပြန်ချိန်က တစ်ရက်ခြားတစ်ခါ ညနေ လေးနာရီလောက် ဖြစ်ရင်ဖြစ်၊ ည ရှစ်နာရီလောက်မှဖြစ်ရင်ဖြစ်။
ညနေဘက် နေရောင်မပျောက်ခင် အိမ်ပြန်ရတဲ့မြင်ကွင်းလေးက လွမ်းစရာ။ ပုဇွန်တောင်ဈေးကျော်၊ စက်ဆန်း ကိုဖြတ်၊ ကြက်ဘဲဈေးကွေ့လောက်ရောက်ပြီဆိုကတည်းက တကယ့်ကျေးလက်ရှုခင်းလေးအလား။ အိမ်ပုအိမ်ပျပ်ကလေးတွေက ဟိုတစ်စ သည်တစ်စ။ အခု မြန်မာ့ဂုဏ်ရောင်အိမ်ရာဆိုတဲ့နေရာမှာ ဈေးကလေး မှတ်တိုင်ရှိ။ အဲဒီနားက ရပ်ကွက်က တကယ့် ပျံကျရပ်ကွက်။ ရပ်ကွက်ထဲကို ကားမပြောနဲ့ ဆိုက်ကားတောင် ၀င်လို့မရ။ စက်ဘီးလောက်ပဲ တွန်းပြီးဝင်သွားလို့ရအောင် ကျဉ်းတဲ့လမ်းကလေး။ ဒါပေမဲ့ စည်ကားချက်ကတော့ ပြောနေစရာကိုမရှိ။ လက်ဖက်ရည်ဆိုင်၊ အရက်ပုန်းဆိုင်၊ ကွမ်းယာဆိုင်၊ အထည်ဆိုင်၊ ဘာဆိုင်ညာဆိုင် အကုန်ရှိ။ ရပ်ကွက်တစ်ခုမှာရှိရမယ့်အဆင်တန်ဆာ အပြည့်အစုံရှိတယ်ပဲ ပြောပါတော့။
အဲဒီကို ကျော်လာရင် အားကစားရုံကြီးရယ်လို့ဖြစ်လာမယ့်နေရာက မြက်ရိုင်းကွက်လပ်လွင်ပြင်ကြီး။ လွင်ပြင် ကြီးကို ဖြတ်တိုက်လာတဲ့ လေနုအေးက အရှိန်နဲ့ပြေးနေတဲ့ ချက်ပလက်ဗိုက်ပူကြီးရဲ့ပြတင်းပေါက်က ကျွန်တော့် ကို ပွတ်သပ်နှုတ်ဆက်လိုက်တဲ့အခါ ရင်ထဲမှာ ပြောမပြနိုင်တဲ့ခံစားချက်တွေ ခံစားလိုက်ရ။
လုပ်အားပေးမြို့ဆိုတဲ့နာမည်အတိုင်း လမ်း သုဝဏ္ဏလမ်းဆုံကျော်လိုက်တာနဲ့ ပျပ်ဝပ်ဝပ်ဝန်ထမ်းအိမ်ရာလေး တွေက လမ်းနံဘေးတစ်ဖက်တစ်ချက်မှာ အစီအရီ။ ရေနံ့သာဈေးအကျော်မှာတော့ ဘွားခနဲတွေ့ရပါလိမ့်မယ် ရှုမျှော်လို့မဆုံးတဲ့ လယ်ကွင်းကြီး။
ရန်ကုန်နယ်နိမိတ်ထဲမှာ လယ်ကွင်းကြီးတစ်ခု ဟည်းနေအောင်ရှိခဲ့ဖူးတယ်ဆိုတာ ခု အသက် နှစ်ဆယ်ကျော် လူငယ်တွေ နားလည်အောင် ဘယ်လိုပြောရပါ့။ တကယ်ကိုရှိခဲ့တာပါ။ နွားနှစ်ကောင်နဲ့ လယ်ထွန်နေတဲ့ပုံရိပ် တွေ၊ နွေဘက်ဆို ကောက်လှိုင်းစည်းကြီးတွေ ထောင်ထားတာ၊ စပါးလှေ့နေကြတာ တကယ့်တောရပ်တောရွာ ပုံရိပ်တွေအတိုင်းပါပဲ။ မနက်မနက် ကျွန်တော် မြို့ထဲအလုပ်သွားတဲ့အခါ အဲဒီလယ်ကွင်းထဲကလယ်လုပ်နေကြ တဲ့ လယ်သမားတွေ၊ စပါးရိတ်နေကြတဲ့ လယ်သမားတွေ တွေ့တိုင်း ရင်ထဲမှာ ဘယ်လိုပြောရမှန်းမသိတဲ့ ခံစား ချက်တွေ နိုးကြွလာတယ်။ တို့နိုင်ငံဟာ စိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံဆိုတာ ပြောစရာမလိုဘဲသိနေအောင် ဖော်ကျုးနေတဲ့ပုံရိပ်တွေပဲလို့လည်း လက်ခံမိတယ်။
ခုတော့ အဲဒီလယ်ကွက်လည်း အနိစ္စသဘောနဲ့ ကိစ္စချောသွားပါပြီ။ အဲဒီလယ်ကွက်တစ်ခွင်တစ်ပြင်လုံးကို ဧရာမ သုံးထပ်တိုက်တန်းတွဲကြီးက အပိုင်စီးသွားပါပြီ။ ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ သုဝဏ္ဏမြို့အ၀င်က ဈေးကလေးရပ်ကွက်နေရာမှာလည်း မြန်မာ့ဂုဏ်ရောင်အိမ်ရာဆိုတဲ့နာမည်နဲ့ ခြံကြီးဝင်းကြီး တိုက်ကြီး ဟိန်းဟိန်းမားမားတွေ၊ မိုးထိအောင်မြင့်မားတဲ့ ကွန်ဒိုမီနီယမ်ကြီးတွေက နေရာယူနေပါပြီ။
အဆင့်ကတော့ ပိုမြင့်လာသပေါ့ဗျာ။ နေရာတွေကလည်း သန့်သွားသပေါ့။ ဒါပေမဲ့ သဘာဝအလှတွေ ပျက်ယွင်းကုန်တာအတွက် ကျွန်တော်တို့ ဘယ်သူ့ကို သွားအရေးဆိုရမလဲ။ ဒါကြောင့်လည်း ပညာရှင်တွေ ပြောခဲ့တာနေမှာ တိုးတက်ဖွံ့ဖြိုးခြင်းဟာ သဘာဝတရားနဲ့ ဆန့်ကျင်ဘက်အသွင်ဆောင်တယ်တဲ့။ ကျွန်တော် ကတော့ အဲဒီစကားကို နှလုံးသားထဲကကို လှိုက်လှိုက်လှဲလှဲထောက်ခံတယ်။ ကျွန်တော့်မျက်မြင် ပျံကျရပ်ကွက် ကလေးနဲ့ လယ်ကွင်းစိမ်းစိမ်းဟာ တိုက်ကြီးတာကြီးတွေရဲ့ဖိနှိပ်မှုအောက်မှာ နေ့ချင်းညချင်း ပြားပြားကိုဝပ်လို့။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com