အိမ်ငှားဆိုတဲ့စကားလုံးက ကျွန်တော်ငယ်ငယ်တုန်းကတည်းက ရင်းနှီးခဲ့တဲ့စကားလုံးပါ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လူမှန်းသိတတ်တဲ့ လေးငါးခြောက်နှစ်သားအရွယ်ကတည်းက
ကျွန်တော်နေခဲ့ရတာ အိမ်ငှားဘ၀နဲ့မို့ ပါ။ ကျွန်တော် သေသေချာချာမှတ်မိနေတာ အသက် လေးနှစ်သားအရွယ်လောက်။ နေခဲ့တဲ့နေရာက ပန်းဘဲ တန်းမြို့နယ် နှစ်ဆယ့်ရှစ်လမ်းနဲ့
အနော်ရထာလမ်းထောင့်က တိုက်ကြီးရဲ့ခေါင်မိုးထပ်ပါ။ အဲဒီမှာနေခဲ့ရတယ် ဆိုတာ ကျွန်တော်
သုံးနှစ်သားလောက်ကတည်းကဆိုတာလည်း သိတယ်။ ဘာမှတော့ ရေရေရာရာမမှတ်မိဘူး ပေါ့။ Location အတူတူပဲဆိုတာကို နောက်ပိုင်းမှ ပြန်သတိထားမိတာပါ။ လေးထပ်တိုက်အိုကြီးရဲ့ခေါင်မိုး ကွန် ကရစ်ပြား လောင်းထားတဲ့အပေါ်မှာ သွပ်မိုးသွပ်ကာ ဆယ်ပေပတ်လည်အခန်းလေးတစ်ခန်းထဲ နေလာခဲ့ရတာ။
နောက်ပိုင်း ကျွန်တော့်အဖေ လုပ်ငန်းကိုင်ငန်းကောင်းလာတာနဲ့အမျှ ကျွန်တော်တို့ မြို့ထဲမှာပဲ တိုက်ခန်းတစ် ခန်း ကိုယ်ပိုင်ဝယ်ပြီး စက်မှုလုပ်ငန်းလေးတစ်ခု လုပ်နိုင်ခဲ့တယ်။ ကျွန်တော် ခြောက်နှစ်သားလောက်ပေါ့။ အဲဒီ ကစလို့ ကျွန်တော့်ဘ၀မှာ အိမ်ငှားဆိုတဲ့စကားလုံးက ကိုယ်တွေ့ကြုံရတဲ့စကားမဟုတ်တော့ဘဲ တစ်ဆင့်ခံ စကား သက်သက်သာ ဖြစ်သွားခဲ့တယ်။ ကျွန်တော်က ကိုယ်ပိုင်အိမှာနေရသူပေါ့။ ဒါပေမဲ့လည်း ကျွန်တော့် အထက်တန်းကျောင်းက
သူငယ်ချင်းတချို့၊ ဒေသကောလိပ်က သူငယ်ချင်းတချို့၊ တက္ကသိုလ်က သူငယ်ချင်း တချို့ စသဖြင့်
ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးမှာ တချို့တချို့သောသူငယ်ချင်းတွေက အိမ်ငှားဘ၀နဲ့ ရပ်တည်ရင်း
ကျွန်တော့်ကို အားကျတဲ့အကြည့်တွေနဲ့ကြည့်တဲ့အခါ ကျွန်တော် သူတို့ကို သိပ်နားမလည်နိုင်ခဲ့ ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်အမြင်က သူတို့နဲ့ကျွန်တော်နဲ့ဟာ ဘ၀ချင်း ဘာမှ သိပ်ကွာခြားတာမဟုတ် ဘူးလေ။ သူလည်း အိမ်နဲ့ရာနဲ့၊ ကိုယ်လည်း အိမ်နဲ့ရာနဲ့။
ကျွန်တော်တို့အိမ်ကမှ ပုံနှိပ်စက်လုပ်ငန်းလုပ်တဲ့အိမ်မို့ လို့ စက္ကူထုပ်တွေ၊ စာရွက်ပုံတွေနဲ့
ရှုပ်ပွနေသေး၊ သူတို့မှာက သပ်သပ်ရပ်ရပ် ကိုယ့်စာကြည့်စားပွဲနဲ့ကိုယ်၊ ကိုယ့်အခန်းနဲ့ကိုယ်
ကျွန်တော်ကတောင် တစ်ဆင့် ပြန်အားကျနေရ။ကျွန်တော်တို့ကြီပြင်းလာတဲ့ တစ်ထောင့်ကိုးရာရှစ်ဆယ်တစ်ဝိုက်နှစ်တွေတုန်းက အိမ်ရှင်အိမ်ငှားပြသနာဆိုတာ သိပ်ထူးထူးခြားခြားကြီးမရှိလှသေးဘူး။ အိမ်ရှင်ဆိုတာကလည်း ငွေပိုရှိလို့ အိမ်ခန်းတွေဝယ်ထား၊ လွတ်နေမယ့် အတူတူ ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ကို အိမ်စောင့်သဘောမျိုးလည်းဖြစ်အောင် အငှားချထား၊ အိမ်လခ ဆိုတာ ဘာမှပြောပလောက်တဲ့ငွေကြေးမဟုတ်။ စီးပွားဖြစ်လုပ်ဖို့ဆိုတာကတော့ ဝေလာဝေး။ နေရတဲ့သူအဖို့ကလည်း ဒီတစ်နေရာမှာငှားနေလိုက်ပြီဆိုရင် နေပေတော့ နှစ်နဲ့ချီပြီး။ ကိုယ်က ပိုအကွက် အကွင်း ကောင်းတဲ့နေရာကို ပြောင်းချင်စိတ်မရှိမချင်း နေလို့ရတဲ့ခေတ်။ ပွဲခဆိုတာကလည်း
သဒ္ဒါကြေးလောက် နဲ့ပဲ အလုပ်ဖြစ်သွား။ ဒီတော့ အိမ်ငှားတစ်ယောက်အဖို့ အရပ်ထဲမှာရော၊
လူ့အသိုင်းအ၀ိုင်းကြားမှာရော ဘာမှ မျက်နှာငယ်လောက်စရာမရှိ။
ရှစ်ဆယ့်ရှစ်အရေးအခင်းမတိုင်ခင်လောက်မှာပဲ ရန်ကုန် အိမ်ခြံမြေလောကမှာ ကန်ထရိုက်တိုက်ဆိုတဲ့စကားက သင်္ဘောသားဆိုတဲ့စကားလိုပဲ ခေတ်စားလာတယ်။ နေစရာထိုင်စရာ မြေကွက်အပိုင်ရှိတဲ့သူတွေဆီကို ဆောက် လုပ်ရေး ကန်ထရိုက်ဆိုသူတွေ ရောက်လာပြီး အခန်းပေးအခန်းယူစနစ်နဲ့ ဆောက်တဲ့ ကန်ထရိုက်တိုက်ခန်း တွေ ခေတ်စားလာတယ်။ ဟောင်ကောင်ပုံစံဆိုပြီး မျက်နှာကြက်နိမ့်နိမ့်နဲ့ တိုက်ခန်းပြားဝပ်ဝပ်လေးတွေ ခေတ် စားလာတယ်။ အဲဒီမှာ အိမ်ရှင်အိမ်ငှား ပဋိပက္ခ စတင်ပြီးတော့ သမိုင်းဝင်လာတော့တာပဲ။ မူလပိုင်ရှင်က သူဝယ် ထားတဲ့ မြေကွက်မှာ ကန်ထရိုက်အပ်ပြီး တိုက်ဆောက်ချင်တယ်။
ဒီတော့ ငှားနေတဲ့သူကို ဒီနေရာကဖယ်ပေးဖို့ အဆိုပြုတယ်။ ငှားနေတဲ့သူက အိမ်ရှင်ရဲ့အနေအထားကိုကြည့်တဲ့အခါ အိမ်ရှင်က ကိုယ့်အိတ်ထဲကပိုက်ဆံ တစ်ပြားမှစိုက်ထုတ်စရာမလိုဘဲ နှစ်ခန်းတွဲလေးထပ်တိုက်တစ်တိုက်ရဲ့တစ်ခြမ်း လေးခန်းတိတိ အပိုင်ရမယ်။ ကျန်တဲ့လေးခန်းကိုတော့ ကန်ထရိုက်ရမယ်ပေါ့။ အိမ်ရှင်က နဂို ဒီမြေကွက်မှာ တစ်ခန်းပဲ ငှားခရရာကနေ လေးခန်းအသားတင်ထွက်လာမယ်။ ရောင်းလိုက ရောင်း၊ ငှားလိုက ငှား၊ ပေးလိုက ပေးနိုင်အောင် စိတ်ကြိုက်စီစဉ်ဖန်တီးနိုင်မယ်။
ကျန်တဲ့လေးခန်းလည်း သူက မြေကွက်ပိုင်သူတစ်ယောက်အနေနဲ့ ရောင်းးခွင့် မရှိသည့်တိုင် အိမ်လခစားလို့ရမယ်။ အဲဒီအခန်းရှင်က တခြားသူကိုပြန်ရောင်းတဲ့အခါ သူက သဘောတူ ကြောင်း
အတည်ပြုလက်မှတ်ထိုးပေးလိုက်ရမှာဆိုတော့ လက်မှတ်ထိုးပေးခ ရဦးမယ်။
အိမ်ရှင်ဘက်က ဒီလိုအခွင့်အရေးကောင်းတွေရနေတာတွေ့တဲ့ အိမ်ငှားက အဲဒီမှာ ဈေးကိုင်တာပဲ။ သူ
ဖယ်မပေးနိုင်ဘူးပေါ့။ သူက ဒီမြေကွက်လွတ်ကအိမ်မှာ အနစ်နာခံပြီး အိမ်စောင့်အနေနဲ့ နေလာတာ နှစ်ပေါင်း များစွာ ကြာနေပြီ။ ခုမှ အိမ်ရှင်က ဖယ်ပေးပါဆိုတဲ့အခါ သူတို့ပြောင်းရရွှေ့ရ
အခက်အခဲရှိတဲ့အတွက် ဖယ်မပေး နိုင်ဘူးပေါ့။ အဲဒီကိစ္စက ရပ်ကွက်ရုံးကိုရောက်။ ရပ်ကွက်ရုံးဥက္ကဋ္ဌက စေ့စပ်ညှိနှိုင်းပေး။ ဒီလိုနဲ့ တချို့အိမ်ငှား တွေကျတော့လည်း အိမ်ရှင်က ပေးလိုက်တဲ့ နစ်နာကြေး ယူပြီး အိမ်ပေါ်က အသာတကြည်ဖယ်ပေး။ တချို့အိမ် ငှားကကျတော့ နစ်နာကြေးလောက်နဲ့မရတော့ဘူး။
သူလည်း တိုက်ခန်းတစ်ခန်းပြန်ရမှဖြစ်မယ်ဆိုတော့ အိမ်ရှင် က ပထမတော့ မပေးချင်။ ဒါပေမဲ့
ကန်ထရိုက်ကလည်း အိမ်ရှင်ဘက်ကနှောင့်နှေးနေရင် တခြားရွှေ့သွားမှာစိုး ရတဲ့အတွက် လေးခန်းအစား သုံးခန်းရလည်းမနည်းပါဘူးဆိုတဲ့ စိတ်ဖြေတွေးလေးနဲ့ အောင့်သည်းအောင့်သက်
ပေးလိုက်ရ။ အဲဒီမှာတင် တစ်ချိန်က အိမ်ငှားကလည်း အိမ်ရှင်တစ်ဖြစ်လဲလို့ သွေးကြီးမွေးကြီးပေါ့။
ကျွန်တော် အခုပြောတာက အိမ်ငှားတွေကိုတစ်ဖက်သတ်မဲတင်းအပြစ်ဆိုတာတော့မဟုတ်ပါဘူး။
ကျွန်တော့် အသိတွေထဲမှာ အိမ်ရှင်အဆင့်လည်း တစ်ယောက်မှမရှိပါဘူး။ အိမ်ငှားကနေ
တိုက်ခန်းပိုင်ရသွားတဲ့ အသိမိတ် ဆွေ သုံးလေးယောက်လောက်သာရှိပါတယ်။
အဲဒီသူတွေပြန်ပြောပြတဲ့စကားတွေအရ အခုဇာတ်ကြောင်းကို ခင်းပြနိုင်တာဖြစ်ပါတယ်။
ခုတော့ အဲဒီလိုအိမ်ငှားမျိုးတွေလည်း မရှိတော့ပါဘူး။ အိမ်ရှင်တွေကလည်း ဒီလောက်အထိ
သတိလက်လွတ်မနေကြတော့ပါဘူး။ အစကတော့ ၀င်ကစွပ် နောက်တော့ သဲကန္တာရထဲက ကုလားအုတ် ဖြစ်သွားတဲ့ ဇာတ်ညွှန်းမျိုးကို နောကျေနေကြပြီလေ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com