ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်း
လိုက်သည့် ရှေးဟောင်းအဆောက်အအုံများ
ကာကွယ်ထိန်းသိမ်းရေး ဥပဒေသစ်အရ ရှေးဟောင်း အဆောက်အအုံအဖြစ်သတ်မှတ်ထားသည့်
အဆောက်အအုံများ၊ဘုရားစေတီများအနီး
အဆောက်အအုံများ ဆောက်လုပ်လိုပါက
ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်း
သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနထံခွင့်ပြုချက်တောင်းခံပြီးမှသာ ဆောက်လုပ်ရန်လိုအပ်ကြောင်းယဉ်ကျေးမှု
ဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောသည်။
"ရှေးဟောင်းအဆောက်အအုံ နားမှာ အဆောက်အအုံဆောက်ချင်ရင် ကြိုတင်ခွင့်ပြု ချက်တောင်း
ဖို့လိုပါတယ်။ နည်းဥပဒေထွက် လာရင်တော့ အသေးစိတ်အချက်အလက်တွေ
ပါလာနိုင်ပါတယ် " ဟု ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က မြန်မာ
တိုင်း(မ်)၏ မေးမြန်းမှုကိုအီးမေးလ်မှတစ်ဆင့်
ဖြေကြားခဲ့သည်။
ဩဂုတ်လ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည့်ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေသစ်အရ ရှေးဟောင်း
အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် အဆောက်အအုံ၏ အနီးတစ်ဝိုက်တွင်
အဆောက်အအုံသစ်များ ဆောက်လုပ်မှုအတွက် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဦးစွာတင်ပြကာ
ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ
အများဆုံး တစ်နှစ်ထက်မပို သည့် ပြစ်ဒဏ်ကိုဖြစ်စေ၊ အနည်းဆုံး ကျပ် ၃၀၀,၀၀၀ မှအများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်များချမှတ်နိုင်သည့်အပြင် ထောင်ဒဏ်နှင့်
ငွေဒဏ်နှစ်ရပ်လုံးကိုပါပူးတွဲချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်ထားသည့် ဧရိယာအတွင်း လူနေအဆောက်အအုံများတိုးချဲ့ခြင်း၊ ဟိုတယ်၊စက်ရုံ အလုပ်ရုံများနှင့် လူနေအဆောက် အအုံများအပါအ၀င် အဆောက်အအုံသစ်များ
တိုးချဲ့တည်ဆောက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း၊ ၀င်းခြံကာရံခြင်း၊ လမ်းဖောက်လုပ်ခြင်း၊
တံတားတည်ဆောက်ခြင်း၊ လေယာဉ်ကွင်းတည်ဆောက်ခြင်းပုဂ္ဂလိကပိုင်ဆိုင်သည့်အ၀န်းအ၀ိုင်းအတွင်းသို့
ရှေးဟောင်းအဆောက်အအုံများကိုထည့်သွင်းကာ ခြံစည်းရိုးခတ်ခြင်း၊ရှေးဟောင်းအဆောက် အအုံအနီး ပတ်ဝန်းကျင်မြင်ကွင်း၌၀န်ကြီးဌာနမှ ဒေသအလိုက်စည်း
ကမ်းချက်များ နှင့်ကိုက်ညီခြင်းမရှိသည့်အဆောက်အအုံများ ဆောက်လုပ်ခြင်းလုပ်ငန်းများကို စိစစ် ပြီး၊ခွင့်ပြုခြင်းနှင့် ငြင်းပယ်ခြင်းကို ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက် ဦးစီးဌာနက ပြုလုပ်သွားမည်ဖြစ်သည်။
ဥပဒေသစ်အတွက် နည်းဥပဒေများ ထပ်မံထွက်ရှိရန် ကျန်ရှိနေခြင်းကြောင့်လက်ရှိတွင်ရှေးဟောင်းအဆောက်အအုံများအနီးတစ်ဝိုက်တွင်အဆောက်အအုံသစ်များ ဆောက်လုပ်လိုပါက၁၉၉၈ခုနှစ်က ပြဋ္ဌာန်းထားပြီးဖြစ်သည့်
ရှေးဟောင်းအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိပါကအဆောက်အ
အုံဆောက်လုပ်မှုများကိုယဉ်ကျေးမှုဝန်ကြီးဌာနကခွင့်ပြုပေး
မည်ဖြစ်သည်။
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအပြင် မြို့ကြီးများအတွင်းတည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံများအနီးတစ်ဝိုက်တွင်အဆောက်အအုံသစ်များ
ဆောက်လုပ်လိုပါကအနည်းဆုံး ပေ၁၂၀အကွာအဝေးရှိရန်လိုအပ်သည့်အပြင် ဆောက်လုပ်မည့်အဆောက်အအုံသစ်၏ အမြင့်ပေမှာလည်းပေ ၃၀ အမြင့်ထက်ကျော် လွန်ဆောက်လုပ်ခြင်းမပြုရန် တားမြစ်ထားသည်။
၎င်းပြင် ဆောက်လုပ်မည့်အဆောက်အအုံသစ်တွင်
မြေအောက်ထပ်များ၊ မြေအောက်ခန်းများတူးဖော်ထည့်သွင်း တည်ဆောက်ခြင်း မပြုလုပ်ရန် ထပ်မံ ညွှန်ကြားထားသည်။
"စည်ပင်ကသတ်မှတ်ထားတာကတော့ရန်ကုန်မှာ ရှေးဟောင်းအဆောက်အအုံ ၁၈၉ လုံးရှိပါတယ်။
ကျွန်မတို့ဆန္ဒနဲ့သာ စာရင်း ပြုစုရမယ်ဆိုရင်တော့ အဆောက်အအုံ အလုံးရေ ထောင်နဲ့ချီရှိ
လိမ့်မယ်။အခုပြဋ္ဌာန်းလိုက်တဲ့ဥပဒေသစ်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်သူတွေက လေ့လာဆဲဖြစ်တော့ လောလော
ဆယ်တော့ မှတ်ချက်မပေးလိုသေးပါဘူး။ ကျွန်မတို့က အဆောက်အအုံဆိုတာ ထက် မြို့ပြအမွေအနှစ်လို့ပဲ သုံးပါတယ်" ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်
ရှောက်ရေးအဖွဲ့က ပြန်ကြားရေးအရာရှိ မရွှေယင်းမာဦးက ပြောသည်။
အသစ်ပြဋ္ဌာန်းလိုက်သည့်ဥပဒေသစ်အရ ရှေးဟောင်း
အဆောက်အအုံအဖြစ်သတ်မှတ်ရာတွင် မြေပေါ်တွင်ဖြစ်စေ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ်တွင်ဖြစ်စေရေအောက်
တွင်ဖြစ်စေ နှစ်ပေါင်း၁၀၀ နှင့်အထက်သက်တမ်းရှိသည့်
ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာ၊ ဘူမိသဘာဝ ပတ်ဝန်းကျင်နေရာများအပါအ၀င် လူသားတို့
နေထိုင်ပြုလုပ်သုံးစွဲခဲ့သည့် အဆောက်အအုံများကို ဆိုလိုသည့်အပြင် နိုင်ငံတော်အဆင့်နှင့်ဝန်ကြီးဌာနအသီးသီးကအမိန့်ကြော်ငြာစာထုတ်ပြန်၍သတ်မှတ်ထားသော
ရှေးဟောင်းအဆောက်အအုံများစာရင်း တွင်ပါဝင်သည့် အဆောက်အအုံများကိုပါ ဆိုလိုသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင်ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်ထိန်းသိမ်းထားသည့် ဘုရား၊ စေတီနှင့် သာသနိကအဆောက်အအုံများ အပါအ၀င် အဆောက်အအုံပေါင်း၅,၀၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော်လည်း နိုင်ငံတော်က ချထားပေးသည့်ဘတ်ဂျက်ငွေပမာဏနှင့်လုံလောက်ခြင်းမရှိသည့်အတွက် ပြည်တွင်းပညာရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီဖြင့်ထိန်းသိမ်းစောင့်ရှောက်နေရဆဲဖြစ်သည်။
Credit: MyanmarTimes