၂၀၁၄-၂၀၁၅ ခုနှစ် အတွင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ နှစ်နှစ်အတွင်း အမေရိကန် ဒေါ်လာသန်း(၇၈၀)ခန့်ထိတိုးတက်လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
''မြန်မာ့ အိမ်ခြံမြေ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးတက် လာတာဟာ အနာဂတ် အတွက် ကောင်းမွန်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ပမာဏ အနည်းငယ်ဟာ အခြေခံနဲ့ အလယ်အလတ် ရင်းနှီးမြှုပ်နှံမှု အမျိုးအစား ဖြစ်ပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အများစု ကတော့ မြန်မာ့ အိမ်ခြံမြေကဏ္ဍ အထက်တန်း အမျိုးအစား အတွက် ရည်ရွယ် ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်'' ဟု မြန်မာ့ အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
ယခုလက်ရှိ အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (၂၉) ခု ၀င်ရောက် လုပ်ကိုင်လျက် ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏတွင် ဗီယက်နမ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ကြောင်း သိရသည်။
''နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံရဲ့ ကဏ္ဍ တော်တော် များများကို ရောက်ရှိ လာခဲ့ပါတယ်။ အထင်ရှားဆုံး ကဏ္ဍတွေ ကတော့ ရေနံနဲ့ဓာတ်ငွေ့၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနဲ့ အိမ်ခြံမြေပဲ ဖြစ်ပါတယ်'' ဟု ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီ ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ဦးဆောင် ညွှန်ကြားရေးမူး ဦးအောင်နိုင်ဦးက ပြောသည်။
အိမ်ခြံမြေ ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ထုတ်ပြန်သည့် အချက်အလက်များ အရ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏများစွာ ရှိခဲ့ခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် လာမည့်နှစ်တွင်လည်းဆက်လက်တိုးတက်လာမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွင်း၌ အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ (၄၄၀) ခန့် ရှိခဲ့ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးဆောင်အသင်းမှ
ဒေါ်မို့မို့အောင်က ပြောသည်။
Credit: Messenger