အိမ်ခြံမြေနှင့် ပတ်သက်၍ အဆောက်အအုံ ဆောက်လုပ် ရောင်းချနေသော ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် တိုက်ခန်း များ၊ ကွန်ဒိုအဆောက်အအုံများ ဆောက်လုပ် ရောင်းချမှုများမှာ ဝယ်လိုအားနည်းပါးနေခြင်းကြောင့်အိမ်ခြံမြေလုပ်ငန်းရှင်များအနေဖြင့်ဆက်လက်ရပ်တည်ရန်အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
အဆောက်အအုံတစ်ခု တည် ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏမှာ ကျပ်ဘီလျံနှင့် ချီ၍ ကုန်ကျမှုများ ရှိပြီး ပြန်လည် ရောင်းချသည့်အခါ ဝယ်ယူမည့်သူ နည်းပါးခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် အရင်း ပြန်ရရန်ထက် ဘဏ်အတိုးနှုန်း ကာမိရုံသာ ရှိကြောင်း တော်ဝင် မိသားစု ဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌဦးကိုကိုထွေးက ပြောသည်။
”ဆောက်လုပ်ရေးလုပ်ငန်းကြီး ပြိုကျပျက်စီးသွားရင်တော့ တခြား လုပ် ငန်းတွေလည်း ထိခိုက်နိုင်တယ်။ ပြီးခဲ့တဲ့လက သမ္မတအကြံပေးကို လည်း သွားပြောတယ်။ ဒီအတိုင်း သာ ဆက်သွားနေရင် ဆောက်လုပ် ရေးလုပ်ငန်းတွေ ရပ်သွားပြီး မြန်မာ ပြည်ရဲ့ စီးပွားရေးတွေလည်း ရပ်သွား နိုင်တဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေး အတွက် ပြန်ပြီး ကယ်ဆယ်ဖို့ လိုတယ် လို့ပြောတော့ အစိုးရအနေနဲ့ ဘယ်လို ပါဝင်ပတ်သက်ရမှာလဲလို့ ပြန်မေး တယ်။ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာပဲ ဖြစ်ဖြစ်၊ အိမ်ခြံမြေ ပြဿနာပဲဖြစ်ဖြစ် သက်ဆိုင်ရာ တွေက ပြဿနာကို နည်းနိုင်သမျှ နည်းအောင် စီမံခန့်ခွဲရမှာပါ” ဟု တော်ဝင်မိသားစုဆောက်လုပ်ရေး ဥက္ကဋ္ဌဦးကိုကိုထွေးက ပြောသည်။
ယနေ့ခေတ် အဆောက်အအုံ တစ်ခု ဆောက်ရန် မြေကွက်မှာ ကျပ်သိန်း ၅ဝ,ဝဝဝ ခန့် ဈေးပေါက် ပြီး အဆောက်အအုံ ဆောက်လုပ် ပြီးစီးပါက ကျပ် မီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရခြင်းကြောင့် ယခင် ခေတ်ကထက် ငွေကြေးဖောင်းပွမှု ပိုမိုများပြားလာကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်း ထံမှ သိရသည်။
”အဆောက်အအုံတစ်လုံးကို ဆောက်ဖို့အတွက် ရင်းနှီးမြှုပ်နှံရတဲ့ ငွေကြေးတွေ များလွန်းလို့ ဘဏ်က နေ ဘီလျံ ၂ဝ လောက် ချေးထား ရတယ်။ ကိုယ့်အနေနဲ့ အကြွေးတွေ တော်တော် များနေပြီလို့ ထင်ထား တာ။ တခြားလုပ်ငန်းရှင်တွေဆိုရင် ဘီလျံ ၅ဝ၊ ၆ဝ လောက် အထိ ချေးထားရတယ်”ဟု တော်ဝင် မိသားစုဆောက်လုပ်ရေး ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှ စတင်၍ ကားအရောင်းအဝယ်၊ ရွှေ အရောင်းအဝယ်နှင့် ဒေါ်လာဝယ် ရောင်းသမားများမှာ အလုပ်မဖြစ် ခြင်းကြောင့် အိမ်ခြံမြေဘက်သို့ ပြန် လည် ရောက်ရှိလာကြကြောင်း သိရ သည်။
”နဂိုက ဘဏ်မှာ ကျပ်သိန်း ၁,ဝဝဝ၊ ၂,ဝဝဝ လောက်သာ ချေး ပေးတယ်။ အခုနောက်ပိုင်းမှာ သိန်း ၂ဝ,ဝဝဝ၊ ၃ဝ,ဝဝဝ လောက်အထိ ချေးပေးတဲ့အတွက် အိမ်ခြံမြေဘက် ကို ပိုပြီးရင်းနှီးမြှုပ်နှံလာတာပါ”ဟု iMyanmar House မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမင်းသူက ပြော သည်။
ယခင်ထက်အစစအရာ ဈေးနှုန်း မြင့်တက်ခြင်းကြောင့် တိုက်ခန်း ဈေးနှုန်းများနှင့် ကွန်ဒိုဈေးနှုန်းများ မှာ ရင်းနှီးမြှုပ်နှံထားရသည့် ငွေကြေး ပမာဏနှင့် တည်ဆောက်ချိန် ကြာမြင့်သည့် အချိန်ကာလများကိုပါ ထည့်သွင်း တွက်ချက်ထားခြင်း ကြောင့် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့ရကြောင်း သိရသည်။
”ဒါကြောင့် ဘဏ်တွေကနေ အဆောက်အအုံ ဆောက်လုပ်မယ့် Developer တွေကို မချေးဘဲ ဝယ်ယူ သူတွေကို ချေးရင် ဝယ်ယူမယ့်သူ တွေက တိုက်ခန်းတစ်ခန်းက ကျပ် သိန်း ၂,ဝဝဝ ကျရင် ကျပ်သိန်း ၅ဝဝ ကို အရင်ပေး၊ ကျန်တဲ့ ကျပ်သိန်း ၁,၅ဝဝ ကို ဘဏ်ကနေချေးပေး၊ ဒါဆို ရင် င်းနှီးမြှုပ်နှံထားတဲ့ ငွေလည်း အမြန်ဆုံးပြန်ပေါ်မယ်၊ နောက်ထပ်အိမ်ရာသစ်တွေလည်း
ဖော်ဆောင် ပေးနိုင်မှာပါ။
အခုတော့ အဆောက် အအုံဆောက်ပြီး တစ်နှစ်လုံးနေမှ ၁ဝ ခန်းလောက် ရောင်းရတော့ ဘဏ်အတိုးပေးနိုင်ရုံပဲ ရှိပါတယ်။ ကျန်တဲ့ အရင်းတွေက မြုပ်နေတော့ နောက်ထပ် အိမ်ရာတွေမဖော်နိုင် တော့ဘူးပေါ့”ဟု တော်ဝင်မိသားစု ဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
Credit: thetradetimes