ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇူလိုင်လအတွင်း တင်ဒါခေါ်ယူခဲ့သော ရန်ကုန်
မြို့သစ်စီမံကိန်းသည် ၂၀၄၀ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သော
ဒုတိယဦးစားပေးစီမံကိန်းဖြစ်သည့်ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် စီမံကိန်းဖြစ်နေသောကြောင့်
၎င်းအစိုးရ အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်များ
တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် မေးခွန်းထုတ်ခံခဲ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း ဩဂုတ်၂၁ရက်က ပြုလုပ်ခဲ့သော အထူး
အစည်းအဝေးမှ ထိုစွပ်စွဲချက်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး သင်္ဃန်းကျွန်း မြို့နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းခဲ့သည့် တိုင်းဒေသကြီးအတွင်း အကောင်
အထည်ဖော်သည့် စီမံကိန်းများ ကို အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ
၂၅၁ ပြဋ္ဌာန်းချက်နှင့်အညီ အကောင်အထည်ဖော်ရန် တိုင်းအစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း
အဆိုကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောမတူဘဲ မှတ်တမ်းအဆင့်သာထားရန်
တင်ပြခဲ့သည်။
"ကျွန်တော်တို့တွေက အကြောင်းမဲ့ ဆွေးနွေးနေတာမဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ
အထောက်အထား၊ အကျိုးအကြောင်း အားလုံးခိုင်ခိုင်လုံလုံရှိလို့ အခုလိုအဆိုတင်
ဆွေးနွေးတာပါ။ ပြည်သူ့အကျိုး နိုင်ငံ့အကျိုး ကို ရှေးရှုပြီး ဆွေးနွေးနေတာပါ။ အခုအစိုးရ
သက်တမ်းအတွက်က မမီနိုင်တော့ပါဘူး။ ဒါပေမဲ့ နောက်အစိုးရအသစ်ကပါ ဒါမျိုးဖြစ်
နေရင်မသင့်တော်ပါဘူး။ ဒါကြောင့် သမိုင်းမှတ်တမ်းကောင်းအဖြစ် ကျန်စေချင်တာပါ"ဟု
အဆိုတင်သွင်းခဲ့သူ ဦးကျော်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ တွင် တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရသည်
ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒ များနှင့်သော်လည်းကောင်း၊ ပြည်ထောင်စု
ဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင် စေဘဲ တိုင်းဒေသကြီး (သို့) ပြည်နယ်အတွင်း
အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို
သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်
အထည်ဖော်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။ တင်ဒါခေါ်ယူခဲ့သော ရန်ကုန်မြို့
သစ်စီမံကိန်းသည် ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေး၌ ကြည့်မြင်တိုင်မြို့နယ်
လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်လွင် တင်သွင်းခဲ့သော ရန်ကုန် မြို့သစ်စီမံကိန်းအမြန်အကောင်
အထည်ဖော်ရေးအဆိုအရ အစိုးရဘက်မှ အကောင် အထည် ဖော်နေခြင်းဖြစ်သည်ဟု
သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးကပြောသည်။ "လွှတ်တော်မှာမဲခွဲဆုံးဖြတ်တဲ့
အခါ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့အတွက် လွှတ်တော်ဆန္ဒ၊ ပြည်သူ့ဆန္ဒကို အလေးထားတဲ့
အတွက် တင်ဒါခေါ်ယူခြင်းဖြစ်ပါတယ်။ လုပ်ငန်းပမာဏအရ လုပ်ငန်းစတင်အကောင်အထည်ဖော်
မည့် အစီအစဉ်နှင့် အချိန်အခါကို သတ်မှတ်ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်းနှင့် ပြည်သူလူထု
ဆန္ဒ သဘောထားကို အလေးထား၍ အများ ပြည်သူအကျိုးကို ပွင့်လင်းမြင်သာမှုရှိစွာ တာဝန်ယူမှု၊
တာဝန်ခံမှုနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြန်လည်ဖြေကြားအပ်ပါတယ်"ဟု ဦးကျော်စိုးက ဆိုသည်။ သို့သော် လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးက စီမံကိန်းဆောင်ရွက်ရန် လွှတ်တော်တွင်း တင်ပြ၍ မရကြောင်းနှင့် အစိုးရဘက်
ကလည်း စီမံကိန်းကို တင်ဒါခေါ်ယူခြင်းမှအစ စီမံကိန်းဆောင်ရွက်ခြင်းအထိ လွှတ်တော်သို့ တင်ပြအသိပေးခဲ့ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တင်ဒါခေါ်ယူခဲ့သော စီမံကိန်းသည် ၂၀၄၀
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာ ဗျူဟာစီမံကိန်းတွင် ပါဝင်သော ဒုတိယ ဦးစားပေး
စီမံကိန်းဖြစ်နေသောကြောင့် ပထမဦးစားပေးအဆင့်သို့ ပြောင်းလဲလိုပါက လွှတ်တော်သို့
တင်ပြရန် လိုအပ်သော်လည်း အစိုးရအဖွဲ့ဘက်မှ တင်ပြခဲ့ခြင်းမရှိပေ။ "အခြေခံဥပဒေပုဒ်မ
၂၅၁ အရ ဒုတိယ ဦးစားပေးကနေ ပထမဦးစားပေးကို ပြောင်းချင်ရင် လွှတ်တော်သဘော
တူညီချက် ပါရမယ်။ အစိုးရအဖွဲ့ကလည်း အနီးဆုံး လွှတ်တော် အစည်းအဝေးမှာ တင်ပြ
သင့်တယ်။ ဘာကြောင့် ပြောင်းရတာလဲဆိုတာ။ အခုက အဲဒီလိုမျိုးမလုပ်ခဲ့တော့ ဥပဒေနဲ့ငြိစွန်းနေ
သလို ဖြစ်နေတာပေါ့။ နောက်ပြီး ဒုတိယ ဦးစားပေးအဆင့်ရောက်သွားရတဲ့ စီမံကိန်းမြေအတွင်းက
ဒေသခံတွေကလည်းအကြောင်း ရင်းအမှန်ကို သိချင်ကြမှာပဲ"ဟု ဒေါပုံမြို့နယ် လွှတ်တော်
ကိုယ်စားလှယ် ဦးသောင်းစိန်က ပြောသည်။
ပထမဦးစားပေးအဆင့်မှ ဒုတိယသို့ ရောက်ရှိသွားသည့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံ
ကိန်းသည် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အဆုံး ကားလမ်းမကြီး၏ ဘေးနှစ် ဖက်နှင့် လှည်းကူးမြို့နယ်
နယ်နိမိတ်အတွင်း ရေကျော်ချောင်း၊ မအူချောင်းမှ ပဲခူးမြစ်ကမ်းအတွင်း မြေဧရိယာများ ပါဝင်ပြီး
၁၇,၃၇၅ မြေဧက အကျယ်အ၀န်းရှိသည်။ ဒုတိယမှ ပထမဦးစားပေးဖြစ်သွားသည့် ရန်ကုန်မြို့
သစ်စီမံကိန်းသည် ၂၁,၇၁၆ မြေ ဧကရှိပြီး ထိုသို့ဖော်ဆောင်ခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူကို
မဟာဗျူဟာ ရည်မှန်းချက်ကို မပျက်စီးစေဘဲ နည်းဗျူဟာ အရ ဆောင်ရွက်မှုအစီအစဉ်ကို
ဖော်ဆောင် ခြင်းသာဖြစ်ကြောင်းနှင့် ရန်ကုန်မြို့နှင့်အနီး ကပ်ဆုံးသော ဒေသဖြစ်သဖြင့်
ဖွံ့ဖြိုးတိုးတက် မှု အမြန်ဆုံးဖြစ်နိုင်သော ဒေသဖြစ်နိုင်သည့် အတွက်ကြောင့်ဖြစ်ကြောင်း
စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောသည်။
ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ် နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ
တွံတေးကားလမ်းကြား မြေနေရာများတွင် အကောင်အထည်ဖော်ရန် လျာထားပြီး
ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် တွံတေးမြို့နယ်များ အတွင်း တည်ရှိနေသည့်
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါဖောင်ဝယ်ယူသည့် ကုမ္ပဏီ ပေါင်း၅၀ ကျော်ရှိပြီး
တင်ဒါတင်သည့်ရက် နှင့် ဖွင့်ဖောက်စစ်ဆေးမည့် ရက်ကိုမူ စက်တင် ဘာလ ၂၂ ရက်နေ့သို့
ရွှေ့ဆိုင်းထားသည်။
"ရန်ကုန်တိုင်းအစိုးရအဖွဲ့က အခုစီမံကိန်း ကို ပထမဦးစားပေးအဆင့်ပြောင်းရတာက
ပြည်သူတွေ ဆန္ဒပြတောင်းခံတဲ့အတွက်ကြောင့်လို့ ဖြေတဲ့အတွက် တကယ်သာ
ပြည်သူ့ဆန္ဒလိုက်လျောရင် ကိုယ့်မြေ ပြန် လည်ရရှိဖို့အတွက် အကြာကြီးဆန္ဒပြတောင်း
ဆိုခဲ့ကြတဲ့ မိကျောင်းကန်က ပြည်သူတွေ အတွက်ကြ ဘာလို့မပေးတာလဲ" ဟု ဗဟန်း
မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့သည်။
Credit: mmtimes