ယခုတလော အစိုးရထုတ်ဝေသည့် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာကြော်ငြာများကို ဖတ်ကြည့်လိုက်လျှင် အိမ်ခြံမြေ တိုက်ခန်းအရှုပ်အရှင်းပြဿနာများကို အပြန်အလှန်မြေရှင်ငြင်းခုံနေကြသည့် ရှေ့နေကြော်ငြာများကို သာ စိတ်မချမ်းသာစရာ နေ့စဉ်ဖတ်ရှုနေရပါသည်။ ယခင်က ဆိုလျှင် ဤသို့မဟုတ် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာများကိုသာ အများဆုံးတွေ့ရသည်။ ရန်ကုန်မြို့တော် အနှံ့အပြားတွင် မြန်မြန်ဝယ်၊ မြန်မြန်ရောင်းဖို့ အတွက် ကန့်ကွက်သူရှိမရှိသလိုသဖြင့် ရှေ့နေငှား၍ နေ့စဉ်ထုတ်အစိုးရသတင်းစာများတွင် အပြိုင်အဆိုင် ကြော်ငြာကြလေ့ရှိသည်ကို တွေ့မြင်ရသည်။
တစ်ခါက တစ်ဘ၀ပြန်လည်သတိရနေကြ
အိမ်ခြံမြေတွေ ရောင်းကြ၀ယ်ကြသူရှိသလို တိုက်ခန်းကိုမှ အစွဲအလန်းကြီးစွာ ၀ယ်ရောင်းကြသူများလည်းရှိ သည်။ မြေကွက်ပဲရောင်းရောင်း၊ တိုက်ခန်းပဲရောင်းရောင်း အရှုံးဆိုတာ မရှိခဲ့ကြသည်မို့ ရန်ကုန်မြို့ကြီးမှာ ရောင်းသူဝယ်သူ ပွဲစားများဖြင့် စည်ကားခဲ့သည်မှာ ထိုစဉ်က ပါဝင်ခဲ့သူများအဖို့ မေ့နိုင်ကြမည်မထင်ပါ။ မိမိတို့ မြိုးမြိုးမြက်မြက်အမြတ်ရသည့်ကာလများကိုလည်း အိပ်မက်သဖွယ် တနုန့်နုန့် နြပ်လည်ခံစားသတိရနေဦးမည် သာဖြစ်သည်။
မြေရှင်တွေက ကန်ထရိုက်တာကို မျှော်နေတဲ့ကာလ
ခုတော့လည်း ဤသို့မဟုတ်ပါလား။ ရန်ကုန်မြို့သစ်စီမံကိန်းကြီး ပြန်လည်စတော့မည်ဟု တရားဝင်ကြေငြာထား ပေမယ့် အိမ်ခြံမြေလောက်သာများမှာ ယခင်နှစ်များက သို့မဟုတ် လှုပ်လှုပ်ရှားရှားမရှိ သွေးအေးအေးပင် အခြေ အနေကို စောင့်ကြည့်နေကြသည်။ အနေအထားမျိုးမှာရှိနေသည်။ သို့သော် အရောင်းအ၀ယ်များ အေးနေပေမယ့် မအေးနိုင်သူများမှာ ကန်ထရိုက်တိုက်ဆောက်လုပ်နေသူနှင့် ဆောက်လုပ်ဆဲ ဆောက်လုပ်မည့် မြေရှင်များပင် ဖြစ်တော့သည်။
တွေ့ရင်ပြောပေးပါ။ သတိရနေတာ ကန်ထရိုက်တာ
တချို့ကန်ထရိုက်တာများမှာ မြို့တော်စည်ပင်မှ အိမ်ဆောက်လုပ်ခွင့်ရ၍ ဆောက်လုပ်ဆဲကာလတွင် ကြိုပွိုင့် ၀ယ်မည့်သူများမရှိ၍ ဆက်လက်ဆောက်လုပ်ခြင်း မပြုတော့ဘဲ မြေရှင်အား အကြောင်းအမျိုးမျိုးပြ၍ ရှောင်နေ တတ်ကြသည်။ လက်ကိုင်ဖုန်းများကို ပိတ်ထားကြသည်အထိ အဆက်အသွယ်ဖြတ်ထားကြသည်။ ထိုအခါ သတင်းစာမှ ကန်ထရိုက်တာ ဦးဘောစိနှင့် အများသိစေရန် သတိပေးကြေငြာခြင်းဆိုပြီး ရှေ့နေငှား၍ ကြော်ငြာ သည်ကို တွေ့ရသည်။
ရက်စက်ပါပေ့ မြေရှင်ရယ် ကြိုပွိုင့်ဝယ်သူတွေ မျက်နှာငယ်
သတင်းစာကြေငြာချက်တစ်ခုတွင် စာချုပ်ပါပဋိညာဉ်ကို ဦးဘောစိမှ ဖောက်ဖျက်ခဲ့ပြီး လုံးဝအဆက်အသွယ် မလုပ်တော့ပါသဖြင့် ၂၀၁၄ ခုနှစ်စာချုပ်ကို အိမ်ရှင်/မြေရှင်ဘက်မှ ဖျက်သိမ်းလိုက်ကြောင်း ကြေငြာအပ်ပါ သည်။ အဆိုပါအဆောက်အအုံရှိ ကျန်အစိတ်အပိုင်းများကို အိမ်ရှင်/မြေရှင်၏ အစီအစဉ်ဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဦးဘောစိနှင့် ကြိုပွိုင့်အခန်းအရောင်းအ၀ယ် အပေါင်အနှံပြုလုပ်ထားသူများသည် ဦးဘောစိနှင့်သာ ဆက်သွယ်ဆောင်ရွက်ကြပါရန်နှင့် အိမ်ရှင်/မြေရှင်မှ လုံဝတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ကြေညာ အပ်ပါသည်။ မိမိတို့ ဆောက်လုပ်ဆဲမြေနှင့် အဆောက်အအုံပေါ်တွင် မြေရှင်၏ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင် ရောက်နေထိုင်ခြင်းမပြုကြရန်နှင့် ပြုလုပ်ခဲ့လျှင် တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်ဟု ရှေ့နေဖြင့် ကြော်ငြာထားသည်ကို တွေ့ရပါသည်။
ကြိုပွိုင့်ဝယ်သူများ မျောက်သစ်ကိုင်းလွတ် ဥပမာနှင့်တူ
ဤကြေညာချက်အရဆိုလျှင် ဆောက်လက်စအဆောက်အုံကို ကန်ထရိုက်တာရမည့် အခန်းများကို ကြိုပွိင့်ဝယ် ထားသူများအဖို့ ဆုပ်လည်းစူး၊ စားလည်းရူး ပဒိုင်းသီးကိုင်မိသလို အဖြစ်မျိုးနှင့် ကြုံရတော့သည်။ ဆောက်လုပ်ဆဲမပြီးသေးသည့် မိမိရမည့် အခန်းကိုလည်း တက်ကြည့်ဖို့နေနေသာသာ ဆောက်လုပ်ဆဲ မြေကွက်အတွင်းဝင်ကြည့်လျှင်ပင် မြေရှင်က ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲခံရနိုင်သည်။ ကန်ထရိုက်တာ ရောင်းသည့်တိုက်ခန်းမြေရှင်နှင့် မသက်ဆိုင်ဘူး ငြင်းဆန်ထားသဖြင့် ငွေပေးငွေယူ ပြုလုပ်ထားသည့် ကန်ထရိုက်တာကို လိုက်ရှာပြန်လျှင်လည်း ပုန်းသူဆိုတာ တွေ့နိုင်ခဲဆိုတဲ့ သီချင်းစာသားလေးလို ဘယ်အရပ် ဘယ်ဌာနဆီ ရောက်နေပြီလဲ မသိနိုင်။ ကြိုပွိုင့်ဝယ်ထားသူမားအဖို့ မြွေပါလည်းဆုံး၊ သားလည်းဆုံး ကိန်း ဆိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် မျောက်သစ်ကိုင်းလွတ်သလို မဖြစ်ရအောင် မတွေ့တွေ့အောင် ရှာရတော့မည်။ ပျောက်သော သူရှာလျှင်တွေ့ဆိုတဲ့ ဆိုထုံးနှလုံးမူပြီး ရှာပေတော့ တွေ့သည်နှင့် ကြိုပွိုင့်ပေးထားတာငွေများ ရလိုမှု တရားစွဲ တောင်းရပေတော့မည်။ နစ်နာဆုံးရှုံးသူကိုယ်တိုင်စွဲဆိုရသော အမှုမျိုးဖြစ်၍ ထိုအမှုမျိုးကို တရားမမှုဟုခေါ် သည်။
ကြိုပွိုင့်ငွေများ ပြန်မပေး၍ ကန်ထရိုက်တာအား တရားစွဲခဲ့လျှင် တွေ့ကြုံရမည့် အဆင့်ဆင့်ကိစ္စများ
တရားမမှုဆိုသည့်သဘောမှာ အမှုစွဲဆိုသူကို တရားလိုဟုခေါ်သည်။
ကြိုပွိုင့်ငွေများကို ယူသွားသူကို တရားပြိုင်ဟုခေါ်သည်။ တရားပြိုင်ဆိုသည့် စကားအတိုင်း အမှန်တရားကို သူ့ဘက်ကိုယ့်ဘက် ပြိုင်ဆိုင်ခြင်းဖြစ်သည်။ တရားမမှု၏ ထူးခြားချက်မှာ တရားလို တရားပြိုင်များသည် မိမိတို့ ကိုယ်တိုင် ရုံးချိန်းတိုင်းလာရန် အခက်အခဲရှိပါက ကိုယ်စားလှယ်လွှဲစာ (Sp, Gp)ဖြစ်လည်း အမှုရင်ဆိုင်ခွင့်ရှိ သည်။
သို့သော် အမှုရှုံးနိမ့်ပြီး ကြိုပွိုင့်ယူထားသောငွေများကို ပြန်ဆပ်ရမည့်အချိန်တွင် တရားပြိုင်ကိုယ်တိုင်အမှု ရင်ဆိုင်ရပါသည်။ ကြိုပွိုင့်ငွေများများကို ပြန်ပေးလျှင် အမှုပိတ်ပေးသည်။ မပေးနိုင်ပါက တရားပြိုင် (ကန်ထရိုက်ပိုင်)ဆိုင်သော မြေနှင့် အဆောက်အအုံတို့ တရားရုံးမှ လေလံတင်ရောင်းချပေးသည်။ မိမိငွေများပြန်ရလျှင် ကျန်သည့်ငွေများကို တရားရုံးက တရားရှုံးအား ပြန်ပေးသည်။ တရားရုံးက လုံးဝမပေးနိုင်လျှင် တရားမ ထောင်ချသည်။ တရားမ ထောင်ချလျှင်ဖြင့် ထောင်ကျသူ စားစရိတ်ကို တရားနိုင်များက ပေးရသည်။
မချစ်သော်လည်း အောင့်ကာ နမ်းကြပါ။
( ၁) ခုရှင်းပြချက်များကို အပြန်ပြန်အလှန်လှန်စဉ်းစားပါ။ ငွေကုန်ကျခံ၍ တရားစွဲလျှင်တော့ ကောင်းမည်လား။ အိမ်ခြံမြေတိုက်ခန်းဈေးများ ပြန်တောင်းလာမည့် အချိန်ကို စောင့်ပြီး ကန်ထရိုက်တာနှင့် တွေ့ဆုံညှိနှိုင်းမလား။ အချိန်ကာလတွေ ရှိနေပါသေးသည်။ လောဘကို ရှေ့တန်းတင်လျှင် အလိုကြီးအရနည်း ဖြစ်တတ်သည်။ ဒေါသကို ရှေ့တန်းတင်လျှင် အမှားများတတ်သည်။ အကောင်းဆုံးကတော့ မြေရှင် ကန်ထရိုက်တာ ကြိုပွိုင့် ၀ယ်များ မေတ္တာတရားဖြင့် ညှိနှိုင်းတွေ့ဆုံအဖြေရှာကြလျှင် အကောင်းဆုံးပါဟု အကြံကောင်း တင်ပြလိုက်ရပါ သည်။
မေတ္တာဆိုတာ ခွင့်လွှတ်ခြင်းပါ။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com