ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည် လမ်းရှိ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းများအား ရန်ကုန်မြို့တော် ခန်းမတွင် ပွင့်လင်းမြင်သာစွာ မဲစနစ် ဖြင့် ဖွင့်ဖောက် ကြေညာပေးခဲ့ပြီး တိုက်ခန်းပေါက်သူ ၇၆ ဦးအား ပထမတစ်ရစ်တွင် သိန်း ၁,ဝဝဝ ကျော် ပေးသွင်းရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အိမ်ရာစီမံကိန်း ဌာနခွဲမှ အင်ဂျင်နီယာ(၂) ဒေါ်တင်တင်စိုးက ပြောသည်။
အဆိုပါ အဆင့်မြင့်အိမ်ရာစီမံ ကိန်းတွင် တိုက်ခန်းလျှောက်ထား သူ ဦးရေ ၃၉၈ ဦး ရှိခဲ့ပြီး တိုက်ခန်း အရေ အတွက်မှာ ၇၆ ခန်း ရှိသဖြင့် ဗလာမဲ ၃၂၂ မဲ ပါဝင်ကြောင်း သိရသည်။
၎င်းစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ငပလီဆောက်လုပ်ရေး ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောက်လုပ်ခဲ့ပြီး ယခုရောင်းချသည့် တိုက်ခန်းများမှာ စည်ပင်သာယာပိုင် တိုက်ခန်းများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
”အဆောက်အအုံကတော့ ၈ဝ ရာခိုင်နှုန်းပြီးပြီ။ လွန်ခဲ့တဲ့ တစ်လ လောက်ကတည်းက ဒီအိမ်ရာစီမံ ကိန်းနဲ့ ပတ်သက်ပြီး အားလုံး လျှောက်ထားနိုင်အောင် နိုင်ငံပိုင် သတင်းစာထဲမှာ ကြော်ငြာခဲ့တယ်။ အခုလည်း လျှောက်ထားသူတွေရဲ့ ရှေ့မှောက်မှာ မဲစနစ်နဲ့ တရားဝင် ကြေညာပေးတာပါ”ဟု အိမ်ရာ စီမံကိန်းဌာနခွဲမှ အင်ဂျင်နီယာ(၂) ဒေါ်တင်တင်စိုးက ပြောသည်။
ယခင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးမှ ဆောက်လုပ်ခဲ့သော အိမ်ရာစီမံကိန်းများအား နိုင်ငံပိုင် အဖြစ် အပ်နှံပြီး အဆောက်အအုံများ ရောင်းချရေးကော်မတီကသာ စီစဉ် ရောင်းချခြင်းဖြစ်ပြီး ယခု ရောင်းချ သည့် ရွှေမြယာ(၂) အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေ ဖြင့် ပထမဆုံးအကြိမ် ပွင့်လင်းမြင် သာစွာ မဲစနစ်ဖြင့် ရောင်းချခြင်းဖြစ် ကြောင်း သိရသည်။
”ဒီအိမ်ရာစီမံကိန်းတဲ့ ပတ် သက်ပြီး သတင်းစာထဲမှာ ကြေညာ တွေ့ပြီး လျှောက်ထားခဲ့တာပါ။ လျှောက်လွှာကြေးကတော့ ကျပ် ၅ဝဝ ပဲ ပေးရပါတယ်။ အန်တီသိရ သလောက်တော့ တိုက် A နဲ့ B၊ စတုရန်းပေ ၂,၂ဝဝ ကျော်နဲ့ ၂,၆ဝဝ ကျော်ပါတယ်။ အိမ်ရာတန်ဖိုးက စတုရန်းပေရဲ့ တန်ဖိုးအတိုင်းပဲ တွက် ထားတယ်။ ဒါကြောင့် ပထမတစ်ရစ် မှာ သိန်း ၁,ဝဝဝ ကျော်ပေးသွင်းရမှာ၊ ဒုတိယအရစ်မှာ သိန်း ၃ဝဝ ကျော် ပေးသွင်းရတယ်”ဟု ၎င်းအဆင့်မြင့် အိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ တိုက်ခန်း လျှောက်ထားခဲ့သူ ဒေါ်ခင် စန်းဦးက ပြောသည်။
ရွှေမြယာ(၂) အဆင့်မြင့်အိမ်ရာ တိုက်ခန်း ရရှိသူများအနေဖြင့် ပထမ တစ်ရစ်တွင် တိုက်ခန်းတန်ဖိုး၏ ၅ဝ ရာခိုင်းနှုန်း ပေးသွင်းရမည် ဖြစ်ပြီး တစ်လတစ်ခါ ၁၅ ရာခိုင်နှုန်း ဖြင့် လေးရစ် ပေးချေသွားရမည်ဖြစ် ကြောင်း အိမ်ရာရောင်းချရေးဌာနခွဲမှ သိရသည်။
ယခုရောင်းချခဲ့သည့် အဆင့်မြင့် အိမ်ရာစီမံကိန်း အဆောက်အအုံ A တွင် ပထမထပ်မှ သတ္တမထပ်အထိ ၂,၂ဝ၃ စတုရန်းပေ၊ အိပ်ခန်းပေါင်း သုံးခန်းပါဝင်ပြီး ရောင်းချမည့်အခန်း စုစုပေါင်း ၂၈ ခန်း၊ အဆောက်အအုံ B တွင် ပထမထပ်မှ အဋ္ဌမထပ်အထိ ၂၆၈၃ ဒသမ ၅ စတုရန်းပေ၊ အိပ်ခန်း လေးခန်း ပါဝင်ပြီး အခန်းစုစုပေါင်း ၄၈ ခန်း ရောင်းချပေးခဲ့ကြောင်း သိရ သည်။
အဆိုပါတိုက်ခန်း ဝယ်ယူခွင့်ရရှိ သူများအနေဖြင့် တိုက်ခန်းတန်ဖိုး ၅ဝ ရာခိုင်နှုန်းဖြစ်သည့် ၁၃၂၁ ဒသမ ၈ သိန်း၊ တစ်လအကြာတွင် တိုက်ခန်း တန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ၃၉၆ ဒသမ ၅၄ ရာခိုင်နှုန်း၊ နှစ်လအကြာနှင့် သုံးလအကြာတွင် တိုက်ခန်းတန်ဖိုး ၁၅ ရာခိုင်နှုန်းဖြစ်သည့် ၃၉၆ ဒသမ ၅၄ သိန်းစီ ပေးသွင်း၍ တိုက်ခန်း လွှဲပြောင်းသည့်နေ့တွင် တိုက်ခန်း တန်ဖိုး၏ ၅ ရာခိုင်နှုန်း ၁၃၂ ဒသမ ၁၈ သိန်း ပေးရမည်ဖြစ်ကြောင်း သိရ သည်။
Credit: thetradetimes