တရုတ်နိုင်ငံ၏ အမေရိကန်ဒေါ်လာ ဘီလျံနှင့် ချီသော တရားမ၀င်ငွေကြေးများ မြန်မာနိုင်ငံ ၏အိမ် ခြံ မြေဈေးကွက်အပါအ၀င် အခြား ရင်းနှီးမြှုပ်နှံမှုဈေးကွက်များသို့ နှစ်စဉ်ဝင်ရောက်နေမှုကြောင့် ပြည်တွင်းဈေးကွက်ပျက် ယွင်းမှုများဖြစ်လာကြောင်း ကျွမ်းကျင်သူများ က သုံးသပ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လာဘ် စားသည့် ၀န်ထမ်းများတိုက်ဖျက်ရေးအစီ အစဉ်ကိုလုပ်ဆောင်လျက်ရှိပြီး အဆိုပါ တရားမ၀င်ငွေကြေးများမှာမူ ဒေသတွင်း နိုင်ငံ များ၏ဈေးကွက်တွင်းသို့ ရောက်ရှိနေပြီး ဖြစ်သည်။ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဆစ်ဒနီမြို့ ရှိ မက်ကွာရီတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ရွှန် တာနယ်က မသမာသောငွေကြေးများသည် Macro စီးပွားရေးစီမံခန့်ခွဲမှုကိုလည်း ခက်ခဲ စေသည့်အတွက် အစိုးရဘက်က ထိထိရောက် ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ရန် အရေးကြီး ကြောင်း ပြောသည်။
ငွေကြေးမူဝါဒချမှတ်ခြင်းကဲ့သို့ ကာကွယ်ဆောင်ရွက်မှုအပြင် ဈေးကွက်အတွင်း ထိန်းမနိုင်သိမ်းမရအခြေအနေများ ဖြစ်ပေါ်လာပါက ဖြစ်ပေါ်နိုင်သည့်ဆုံးရှုံးမှုကို ကြိုတင်ဟန့်တား ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
"တစ်ဖက်နိုင်ငံရဲ့ ဒီလိုကြီးမားတဲ့ ငွေသား စီးဆင်းမှုပမာဏကြောင့် ဒေသတွင်းနိုင်ငံ တွေရဲ့ဈေးကွက်ပုံသဏ္ဌာန် ပျက်ယွင်းသွားစေ ပါတယ်။ ဒေသတွင်းနိုင်ငံတွေသာမက ကမ္ဘာ ကိုပါအတိုင်းအတာတစ်ခုထိ သက်ရောက်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာဆိုရင်အိမ်ခြံမြေ ဈေးကွက်ပျက်ယွင်းလာတာ အဓိကတွေ့ရ တယ်။ ဒီလိုအဖြစ်အပျက်မျိုးက နိုင်ငံအတော်များများမှာလည်းကြုံတွေ့ခဲ့ရဖူးပါတယ်။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီမြို့ဆိုရင် တရုတ်ဘက်ကတရားမ၀င်ငွေကြေးတွေကြောင့် အိမ်ခြံမြေဈေး ကွက်ကို စိုးရိမ်ဖွယ်ရာအခြေအနေအထိရောက်အောင်ကို ဖန်တီးခဲ့တယ်" ဟု ၎င်းက ပြောသည်။
ယင်းသို့ဖြင့် အိမ်ခြံမြေ၀ယ်ယူမှုများ အပြင် ပုံစံပြောင်းရလွယ်သော ကျောက်စိမ်း နှင့် ကျောက်မျက်ကဏ္ဍများသို့လည်း အဆိုပါ ငွေကြေးများစီးလာဝင်နိုင်ကြောင်း ၎င်းက ပြောသည်။
"သိပ်မကြာသေးခင်ကပဲ ကျောက်စိမ်း ဈေးကွက်ကမောက်ကမ ဖြစ်လာတယ်။ ဒါမတော်တဆတော့ မဟုတ်လောက်ဘူး။ ကျောက်စိမ်းရဲ့ ကုန်သွယ်မှုပမာဏကိုပဲကြည့် လေ"ဟု ၎င်းကပြောသည်။
"ခက်ခဲပေမယ့်လည်း အရေးပေးဆောင် ရွက်သင့်တဲ့ကိစ္စတစ်ခုလို့ မြင်မိပါတယ်။ အစိုးရစည်းမျဉ်းဥပဒေတင်းကျပ်တဲ့ နိုင်ငံမျိုး မှာတောင် ဖော်ထုတ်ဖို့ ခက်ခဲတတ်ပါတယ်။ တရားမ၀င်ငွေသားစီးဆင်းမှု ပမာဏက အရမ်း ကြီးမားတယ်။ အထူးစိုးရိမ်ရတဲ့ပြဿနာတစ်ခုလည်း ဖြစ်နေပါတယ်။အပြစ်တင်မယ်ဆို ရင်တော့ ပြဿနာအား လုံးရဲ့မြစ်ဖျားခံရာ ဖြစ်တဲ့ တရုတ်နိုင်ငံကိုပဲတင်ရမှာပဲ။ဒါသူတို့ ရဲ့နိုင်ငံတွင်းက အကျင့်ပျက်ချစားမှုတွေရဲ့ သက်ရောက်မှုပါ။ တရုတ်အစိုးရနဲ့ စီးပွားရေးခေါင်းဆောင် ပုဂ္ဂိုလ်တွေကလည်း အားလုံး အထိတ်တလန့်ဖြစ်စေမယ့်ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့တော့လုပ်နေကြပါတယ်။ တရုတ် နိုင်ငံက သူ့ရဲ့မတည်ငြိမ်မှုတွေ၊ လာဘ်စားမှု တွေနဲ့ စောင့်စည်းမှုအားနည်းတာတွေကို တခြားနိုင်ငံတွေကိုပါ ဖြန့်ဖြူးနေတယ်လို့ မြင်မိပါတယ်"ဟု ၎င်းကပြောသည်။
ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင် က မြန်မာနိုင်ငံ၏ ယနေ့တိုင်ကြီးထွားနေသေး သည့်တရားမ၀င်ဟွန်ဒီဈေးကွက်ကြောင့် အိမ်နီးချင်းနိုင်ငံများပါ လာရောက်ဈေး ကစားခွင့်ရနေကြောင်းပြောသည်။
လက်ရှိ တရားမ၀င်စီးဆင်းနေသော ပြင်ပငွေကြေးဈေးကွက်မှာ ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး ဘဏ်တွင် ထိန်းသိမ်းထားငွေမှာ ၄၀ ရာခိုင်နှုန်းကျော်သာရှိကြောင်း ၎င်းက ပြောသည်။
"ဘဏ်ထဲမှာ ရောက်နေတဲ့ငွေကြေးတွေ က ထိန်းကျောင်းရလွယ်တယ်။ ဒါကြောင့် အပြင်ရောက်နေတဲ့ငွေကြေးတွေ ဘဏ်ကိုများများ ပေးဝင်ခိုင်းဖို့လိုတယ်။ ပြင်ပဈေးကွက်တဖြည်းဖြည်းကျဉ်းသွားဖို့ ဗဟိုဘဏ်က ချမှတ်လိုက် တဲ့မူက သိပ်အရေးကြီးလာပြီ"ဟု ၎င်းက ပြောသည်။
ဗဟိုဘဏ်၏ ငွေသားစီးဆင်းမှုကို စနစ် တကျစီမံခန့်ခွဲပြီး ပွင့်လင်းမြင်သာစွာချပြမှ သာ ဈေးကစားမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အိမ် ခြံ မြေ၊ ဒေါ်လာနှင့် ရွှေတို့မှာ အလှည့်ကျဈေးကစားသည့် နယ်ပယ်များဖြစ်နေကြောင်း ၎င်းက ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမလာရောက်သော ကုမ္ပဏီများမှဖြစ်စေ နိုင်ငံတွင်းသို့ ၀င်ရောက် လာသောငွေကြေးများကို ပြည်ထဲရေးဝန်ကြီး ဌာနက ငွေဖြူ ငွေမည်းစိစစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ပိုင်ခွင့် လိုင်စင်ပေးမည့်အကြောင်းကို ဗဟိုဘဏ်သို့ အကြောင်းကြားရသည်။ အဆိုပါကုမ္ပဏီ၏ အရှုံးအမြတ်၊နိုင်ငံခြားသို့ ပြန်လွှဲသော ပမာဏ မည်မျှရှိသည့်ငွေကြေးစာရင်းကို ဗဟိုဘဏ် ကသိခွင့်ရကြောင်းဗဟိုဘဏ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"နိုင်ငံဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းရောက်အောင် စာရင်းဝင်တဲ့ငွေကြေးတွေဖြစ် ဖို့ လိုတယ်။များသောအားဖြင့် ဘဏ်ထဲဝင် လာတာကတော့ စာရင်းရှိသွားတယ်။ ခေါင်းအုံးအောက်ထားပြီးကိုယ်ဟာကိုယ်သုံးနေမယ်ဆိုရင်တော့ စာရင်းမ၀င်ဘူးပေါ့။ ဗဟို ဘဏ်ရဲ့အခန်းကဏ္ဍတစ်ခုတည်းမဟုတ် ဘူး။ ငွေကြေးကဏ္ဍမှာ အားလုံးပါဝင်လာဖို့လို တယ်။ ကမ္ဘာမှာလည်း ငွေမည်းပမာဏများပြား တဲ့ပြဿနာပေါ်ပေါက်နေပြီး ဖြေရှင်းနိုင်ဖို့ အစီအစဉ်ဆွဲနေရတာ"ဟု ၎င်းက ပြောသည်။
ငွေကြေးခ၀ါချမှုဥပဒေသစ်ကို ယခုနှစ်မတ်လအတွင်းက ပြဋ္ဌာန်းထားသော်လည်း နည်းဥပဒေနှင့်အမိန့်ကြော်ငြာစာများ မထွက် ရှိသေးပေ။ ပြီးခဲ့သည့် ၁၀ နှစ် အတွင်း မြန်မာ နိုင်ငံတွင် ငွေကြေးခ၀ါချမှုနှင့်ပတ်သက်၍ အမှုပေါင်း ၇၀ ကျော်ဖမ်းဆီးရမိမှုမှ ကျပ်၂၀၀ ဘီလျံ(အမေရိကန်ဒေါ်လာသန်း ၂၀၀)ကို နိုင်ငံပိုင် ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိထား ပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုတိုက် ဖျက်ရေးဥပဒေကို ယခုနှစ်ဆန်းပိုင်းက ပြဋ္ဌာန်း နိုင်ခဲ့သော်လည်း ဥပဒေသစ်အတိုင်းဆောင် ရွက်နိုင်ရန် နည်းဥပဒေများ၊ အမိန့်ကြော်ငြာ စာများလိုအပ်လျက် ရှိနေသေးသည်။
ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကျော်ဝင်းသိန်း က တရားခံပြေး၊ လုယက်ပြေးစသော ရဲနှင့် စပ်လျဉ်းသည့် နိုင်ငံဖြတ်ကျော်အမှုအခင်း များကို တရုတ်နှင့်မြန်မာနှစ်နိုင်ငံအစိုးရများ က အပြန်အလှန် အကူအညီပေးခဲ့ကြဖူးသော် လည်း ယခုကဲ့သို့ငွေကြေးခ၀ါချမှုနှင့် ပတ်သက် သော ကိစ္စမျိုးကို နှစ်နိုင်ငံလက်မှတ်ရေးထိုးပြီး မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနှင့် တရုတ်နိုင်ငံ၏ ငွေကြေးခ၀ါချ မှုနှင့်စပ်လျဉ်းသည့် နိုင်ငံဖြတ်ကျော်အမှု အခင်းများအတွက် ပူးပေါင်းဆောင်ရွက်ရန် ကနဦးအဆင့် စကားကမ်းလှမ်းထားပြီး သဘောတူလက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့် ကြောင်း ၎င်းက ပြောသည်။ ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယား၊ထိုင်း၊ နီပေါ၊ ရုရှား၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားအစရှိသော နိုင်ငံပေါင်း ခုနစ် နိုင်ငံတို့အကြားယခုနှစ်ဆန်းပိုင်းနှင့် နှစ်လယ် ပိုင်းအတွင်းက သဘောတူလက်မှတ် ရေးထိုး ခဲ့ကြသည်။
"တရုတ်နိုင်ငံကလည်း နိုင်ငံတကာ ငွေကြေးဆိုင်ရာ အရေးယူစုံစမ်းရေးအဖွဲ့ FAFT စာရင်းဝင်နိုင်ငံ တစ်နိုင်ငံပါပဲ။ တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရလေ့ရှိတဲ့ ငွေကြေးခ၀ါချမှုကိစ္စမျိုးကတော့အရမ်းရှုပ် ထွေးတဲ့အတွက် သဘောတူလက်မှတ်ရေး ထိုးတာတွေကို အပြီးသတ်လုပ်ဆောင်ပြီးမှပဲ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အနေအထား မှာ ရှိပါတယ်"ဟု ၎င်းက ပြောသည်။
အိမ် ခြံ မြေ ဈေးမြင့်တက်မှုတွင် မန္တလေးမြို့မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တရုတ်လူမျိုးရင်းနှီးမြှုပ်နှံသူအများအပြား လာရောက်ဝယ်ယူခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က ပြောသည်။ ယင်းအတွက် ပြည်ထဲရေးဝန်ကြီဌာန၊ တိုင်းဒေသကြီးအစိုးရတွင် စောင့်ကြည့်ရန် တာဝန်ရှိပြီး ဗဟိုအစိုးရနှင့် ချိတ်ဆက်မှုများအားနည်းနေသေးကြောင်း ပြောသည်။
မြေ၀ယ် မြေကစားတဲ့နေရာမှာ နိုင်ငံ ခြားသားက ၀ယ်လို့မရပေမယ့် ဥပဒေလက်တစ်လုံးခြားလုပ်ပြီး မှတ်ပုံတင်နဲ့ ၀ယ်ကြတယ်။ ဆိုးကျိုးအနေနဲ့ အိမ် ခြံ မြေ ဈေးတွေ မတရား မြင့်နေတယ်။ပြည်ပက လာရောက်ရင်းနှီး မြှုပ်နှံချင်တဲ့သူတွေအတွက်လည်း မြေနေရာနဲ့ပတ်သက်ပြီး အဟန့်အတားဖြစ်နေတယ်။ နောက်ပိုင်း တိုင်းပြည်ရဲ့လုံခြုံမှုကိုပါ စိန်ခေါ် လာနိုင်တဲ့ အနေအထားပါ"ဟု၎င်းကပြော သည်။
မြန်မာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းမှုအပိုင်း သည် အားပျော့လွန်းနေပြီး ငွေကြေးအရ ပြစ်ဒဏ်ပေးမှုများမှာလည်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ နှင့်အထက်က ရေးဆွဲထားသည့် ဥပဒေများအပေါ် မူတည်သည့်အတွက် ယနေ့ ခေတ်တွင် ထိရောက်မှုမရှိတော့ကြောင်း ၎င်းက ပြောသည်။ ကားနှင့်ငွေကြေးကဲ့သို့သော ကဏ္ဍများ တွင် မူဝါဒအပြောင်းအလဲနှင့် စပ်လျဉ်းကာ မြန်မာနိုင်ငံ၏ အိမ်ခြံ မြေဈေးမှာ သိသာစွာ မြင့်တက်လာခဲ့ကြောင်း ဘဏ်နှင့်ငွေကြေး ရေးရာဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေး မှူး ဦးဝင်းမြင့်က ပြောသည်။
၂၀၁၁ ခုနှစ် နောက်ပိုင်းမှစတင်ခါ ပိုလျှံနေသောငွေများကို အမြတ်အစွန်း ရရန် သေချာသည့်အိမ် ခြံ မြေ ကဏ္ဍသို့သာ အလုံးအရင်းဖြင့် ၀င်ရောက်မှုများလာခြင်း ဖြစ်သည်။
Credit: mmtimes