မန္တလေးမြို့ဧရိယာအတွင်း၌၂၀၁၄ခုနှစ် အောက်တိုဘာလကုန်အထိ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှလိုင်စင်ရဟိုတယ်၊ တည်းခိုခန်း စုစုပေါင်း ၁၃၅လုံးရှိပြီး ဆောက်လုပ်ဆဲဟိုတယ် ၃၁ လုံးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မန္တလေးမြို့ပေါ်တွင် ဆောက်လုပ်ဆဲဟိုတယ်၃၁လုံးမှာအခန်းအရေအတွက်၂၄၀၀ ကျော်ပါရှိမည်ဖြစ်သောကြောင့်ယင်းဟိုတယ်များဖွင့်လှစ်ပြီးပါကမန္တလေးမြို့ပေါ်တွင်ဟိုတယ်အလုံးပေါင်း ၁၆၀ ကျော်၊အခန်းအရေအတွက်စုစုပေါင်း၈၀၀၀ ကျော် ရှိလာမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်မန္တလေးမြို့ပေါ်ဧရိယာ၌ဟိုတယ်၁၃၅လုံး၊အခန်းအရေအတွက်၅၅၈၆ခန်းအထိရှိပြီးယခင်နှစ်များထက်အခန်းအရေအတွက်နှင့်ဟိုတယ်အရေအတွက်ပိုမိုလာခြင်းကြောင့် ခရီးသွားဧည့်သည်အ၀င်များသည့်ကာလများတွင်တည်းခိုရန်ခက်ခဲမှုများ မရှိနိုင်ကြောင်း သိရသည်။
“မန္တလေးမြို့မှာဟိုတယ်တည်ဆောက်ဖွင့်လှစ်မှုတွေက၂၀၁၂ခုနှစ်နောက်ပိုင်းကနေစပြီးများလာတယ်။ဟိုတယ်၊တည်းခိုခန်းတွေလည်းများပြားလာနေတာ ဖြစ်တဲ့အတွက်ဧည့်အ၀င်များတဲ့အခါ အခန်းအခက်အခဲဖြစ်နိုင်မှု လျော့နည်းပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နိုင်ငံခြားခရီးသွားဧည့်သည် အ၀င်များချိန်တွင် တည်းခိုရန် အခက်အခဲဖြစ်ပေါ်မှုများ လျှော့ချနိုင်ရန်ဟိုတယ်ဆောက်လုပ်ခွင့်နှင့်လုပ်ငန်းလိုင်စင်ချထားပေးခြင်းများအားဌာနမှရက်သတ္တပတ်အတွင်းအပြီးဆောင်ရွက်ပေးလျက်ရှိပြီး ဆောက်လုပ်ခွင့်တင်ပြရာတွင် ဆောက်လုပ်မည့်ဟိုတယ် အမျိုးအစား အထပ်နှင့်ဟိုတယ်ဆောက်လုပ်မည့်အနီးဝန်းကျင်၌ ရှေးဟောင်းအဆောက်အအုံ၊သာသနိကအဆောက်အအုံ၊ဘာသာရေးအဆောက်အအုံ၊စာသင်ကျောင်း၊တက္ကသိုလ်မရှိကြောင်းလုပ်ငန်းရှင်၏ကတိဝန်ခံချက်နှင့် မြေပုံမိတ္တူများတင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ ဟိုတယ်အလုံးရေ စုစုပေါင်း ၁၀၄ လုံး၊ အခန်းအရေအတွက် ၄၄၃၉ ခန်းသာ ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
Credit : News Eleven