ရန်ကုန်မြို့ ပြည်လမ်း နှင့် မင်းရဲကျော်စွာ လမ်းထောင့် ရှိ စည်ပင်ပိုင်အဆောက်အအုံ သစ် ငါးလုံးတွင် ဈေးဝယ်စင်တာ ဖွင့်လှစ်ရန် လုပ်ငန်းရှင် ခြောက်ဦးက ကျပ် ၄၈ ဘီလီယံဖြင့် လေလံ အောင်သွားကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီအင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။
ပြီးခဲ့သည့် စစ်အစိုးရလက်ထက်က စတင်ခဲ့ပြီး ယခုအစိုးရ လက်ထက်မှသာ တည်ဆောက် ပြီးစီးဖွင့်လှစ်နိုင်ခဲ့သည့် အဆိုပါ အဆောက်အအုံ ငါးလုံးကို အောက်တိုဘာ ပထမပတ်က လေလံပစ်မည်ဟု ကြေညာခဲ့ရာ လုပ်ငန်းရှင် ခြောက်ဦးက ကျပ် ၄၈ ဘီ လီယံဖြင့် လေလံအောင်သွားခြင်း ဖြစ်သည်။
အဆိုပါနေရာမှာ ယခင်က စိန်ဂျွန်းဈေးဟောင်းဖြစ်ခဲ့ပြီး တည်ဆောက်ချိန်သုံးနှစ်ကျော် ကြာမြင့်ခဲ့ကာ ယခုအစိုးရလက်ထက်မှသာ လေလံစနစ်ဖြင့် လွှဲပြောင်း လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
စုစုပေါင်းလူပုဂ္ဂိုလ် ၂၉ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၆ ဦးလေလံအောင်မြင်ခဲ့ပြီး အဆိုပါ ခြောက်ဦးထဲတွင် တစ်ဦးတည်းမှပင် နှစ်ကြိမ် လေလံအောင်မှုများရှိခဲ့သည်ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ ထုတ်ပြန် သော စာရင်းများတွင် ဖော်ပြပါ ရှိသည်။
‘‘ကုမ္ပဏီတွေ၊ အဖွဲ့အစည်း တွေအနေနဲ့ ၀င်ပြိုင်တာမဟုတ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ၀င်ပြိုင်တာ’’ဟု လေလံပွဲအကြောင်း ကို အင်ဂျင်နီယာနှင့် အဆောက် အအုံဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။
ယခုနှစ်အတွင်း YCDC မှ တင်ဒါနှင့် လေလံစနစ်များဖြင့် ကော်မတီပိုင်အဆောက်အအုံ များ၊ မြေကွက်များကို လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုနေသည်မှာ ပြီးခဲ့သည့် နှစ်ကထက် ပိုမိုများပြား လာပြီး စိတ်ဝင်စားမှုလည်း ပိုမို များပြားလာခဲ့သည်ဟု မရမ်း ကုန်းမြို့နယ်ရှိ စည်ပင်တင်ဒါ တစ်ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ဖူးသူ လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။
ယခု အဆောက်အအုံများ လေလံအောင်သွားသူ အများစုမှာ ပြည်တွင်းရှိ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ မော်တော်ယာဉ်လုပ်ငန်းများတွင် အဓိကလုပ်ကိုင်သူများ ပါဝင်ပြီး ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်အချို့ ပါဝင်မှုနည်းပါးကြောင်း အထက် ပါလုပ်ငန်းရှင်ကဆိုသည်။
အဆောက်အအုံ တစ်လုံးလျှင် ၆,၆၇၁ စတုရန်းပေ ကျယ်ဝန်းပြီး လေလံတွင် အနိမ့်ဆုံး ကျပ်သိန်းရှစ်ထောင်မှ အမြင့်ဆုံးသိန်း လေးသောင်းအထိ လေလံပေးဆွဲ ၀ယ်ယူခဲ့ကြသည်ဟု သိရ သည်။
ပြီးခဲ့သည့် စက်တင်ဘာကလည်း ရန်ကုန်မြို့၏ အချက်အချာနေရာများဖြစ်သည့် မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ စီးပွားရေး အဆောက်အအုံ တည်ဆောက် လုပ်ကိုင်ခွင့်ကို ဂမုန်းပွင့်ကုမ္ပဏီက ရရှိခဲ့ပြီး ဒုတိယစီးပွားရေး အချက်အချာအဖြစ် ဖော်ဆောင်မည့် မရမ်းကုန်းမြို့နယ် နေရာတွင် First Myanmar ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ တင်ဒါအောင်မြင်ပြီး လွှဲပြောင်းလုပ်ကိုင်ခွင့်ရရှိခဲ့သည်။
Credit: 7 Day Daily