ဗဟန်းမြို့နယ် မြေကွက်အမှတ် ၁၁၄ စီပေါ်တွင် ၂၈ ထပ်အမြင့်ရှိ Twin Tower တည်ဆောက်၍ အခန်းများငှားရမ်း ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန် KHG Development Co.,Ltd ကုမ္ပဏီအား ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
အဆိုပါလုပ်ငန်းအား လုပ်ကိုင်ရန်အတွက် KHG Development Co.,Ltd က အဆိုပြု တင်ပြလာမှုအပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ၂၄/၂ဝ၁၄ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KHG Development Co.,Ltd သည် အဆင့်မြင့်လူနေအိမ်ခန်း ၁၄၈ ခန်း ပါဝင်သော ၂၈ ထပ်အမြင့်ရှိ Twin Towerကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် ၃၆ ဂျေ၊ မြေကွက်အမှတ် ၁၁၄ စီရှိ ဧရိယာ ဝ ဒသမ ၅ ဧကပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ သယ်ယူပို့ဆောင်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍ ၁၂ ခုတွင် ဝင်ရောက်မြှုပ်နှံလုပ်ကိုင်မှုများ ပြုလုပ်လျက်ရှိရာ ယခုနောက်ပိုင်းတွင် ဆောက်လုပ်ရေး၊ ဟိုတယ်တည်ဆောက်ရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နှံလုပ်ကိုင်မှု များပြားလျက်ရှိကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ နိုင်ငံသားလုပ်ငန်းရှင်များက ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၇၅၆ ဘီလျံကျော်၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် ကျပ် ၆၆၇ ဘီလျံကျော်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၂၆၅ ဘီလျံကျော် အသီးသီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။
Credit: eleven