မြေဈေးနှုန်း များ သိသာစွာ စတင်မြင့်တက်ခဲ့ သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်၍ ရန်ကုန်မြို့၏ ဆောက်လုပ်ရေးလောကတွင် ကြိုပွိုင့်တိုက်ခန်းများ ပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင် ပိုမိုတွင်ကျယ် လာသည့်လုပ်ငန်း တစ်ခုဖြစ်လာကြောင်း ရန်ကုန်မြို့အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း
ရှင်များက ပြောသည်။
"၂၀၁၂ အစောပိုင်းလောက်ကစပြီး တိုက်ခန်းတွေကို မဆောက်ခင်ကတည်းကကြိုတင်ရောင်းချပြီး အရစ်ကျစနစ်နဲ့ငွေချေတဲ့ ကြိုပွိုင့် စနစ်နဲ့ အရောင်းအ၀ယ်လုပ်တဲ့ ကြိုပွိုင့် တိုက်ခန်းတွေ ပေါ်လာခဲ့ တယ်။ အရင်က ဒီလို ပုံစံမျိုးနဲ့ဆောက်တဲ့ ကန်ထရိုက်မရှိသလို၊ ကြိုပွိုင့်စနစ်နဲ့ ရောင်းချတဲ့ ဈေးကွက် လည်း မရှိခဲ့ဘူး။ မြေဈေး အဆမတန်ကြီးတဲ့အတွက် ကြောင့် ကန်ထရိုက်တွေလည်း အဆင်ပြေတဲ့ နည်းနဲ့ ဆောက်ကြရင်း ကြိုပွိုင့်တိုက်ခန်းတွေပေါ်လာခဲ့တာပါ" ဟု ဆောက်လုပ်ရေး လုပ်ငန်းများ တွင် လုပ်ငန်းခွင်မန်နေဂျာအတွေ့အကြုံရှိခဲ့သူ ဦးဆန်းယုက ပြောသည်။
ယင်းကဲ့သို့ မြေဈေးနှုန်းများမြင့်မားခြင်း သည် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုပိုင်း ကို အခက်အခဲဖြစ်စေခဲ့ပြီး ဈေးမြင့်သည့်မြေပေါ်တွင် တည်ဆောက်သည့် တိုက်ခန်းများ တန်ဖိုးမြင့် မားသည့်အတွက် နေထိုင်လိုသူများလည်း လွယ်ကူစွာမ၀ယ်ယူနိုင်သည့်အခြေအနေများ ဖြစ်ခဲ့ရ ကြောင်း ၎င်းကပြောသည်။ "မြေဈေးကြီးတော့ ဆောက်ရတဲ့သူတွေ ကလဲ အရင်းအနှီးအရမ်းများတယ်။ ပြန်ရောင်း တဲ့အခါ လည်း ဈေးလျှော့ပြီးမရောင်းနိုင်ဘူး။ အဲဒီတော့ တိုက်ခန်းတွေက ဈေးတက်ပြီး သူဌေးတွေလောက် ပဲ တိုက်ခန်းတွေ ကွန်ဒိုတွေကို ၀ယ်နိုင်တဲ့ အနေအထားမျိုး ရောက်လာခဲ့ တယ်" ဟု ၎င်းကပြော သည်။
ထို့ကြောင့် ရောင်းသူ၊ ၀ယ်သူများအတွက် ပိုမိုအဆင်ပြေစေသည့် ကြိုပွိုင့်တိုက်ခန်း များတည် ဆောက်မှုသည် ယခုအခါတွင် ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် မြင်တွေ့ နေရပြီး ရန်ကုန်မြို့၌ အိမ်ပိုင်၊ အခန်းပိုင် မရှိသေးသူများအတွက် အရစ်ကျငွေပေးချေ သည့်စနစ်ဖြင့် ၀ယ်ယူနေထိုင်လိုခြင်း များ ကြောင့် တိုက်ခန်းများကို အရစ်ကျငွေပေးချေ သည့်စနစ်ဖြင့်ဝယ်ယူသည့် ကြိုပွိုင့်ဈေးကွက် ကြီး မားစွာ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"အခုက နေရာတိုင်းလိုလို ကြိုပွိုင့်တိုက်ခန်း တွေကိုရှာဝယ်လို့ရတဲ့အနေအထား ဖြစ်လာ ပြီ။ အရင် ကတော့ အဲဒီလောက်မများသေးဘဲ သင်္ဃန်းကျွန်း၊ လှိုင်နဲ့ ကမာရွတ်မြို့နယ်တွေလောက်ပဲ ရှိတယ်။ ကြိုပွိုင့်တိုက်ခန်းတွေကို ပါမစ်မြေတွေဝယ်ပြီး ကန်ထရိုက်တာတွေပဲ သီးသန့်ဆောက်တာမျိုးရှိသလို မြေရှင်တွေနဲ့ အကျိုးတူပူးပေါင်းပြီး အခန်းတွေကို တစ်ဝက်ပေး တစ်ဝက်ယူလည်း ဆောက်လာကြ တယ်။ ဒီနှစ်ပိုင်းမှာပိုများလာပြီး ကြိုပွိုင့်တိုက်ခန်း တွေကို ရှာဝယ်တဲ့သူတွေလည်း များလာ တယ်" ဟု ဦးဆန်းယုက ပြောသည်။ ထို့ပြင် ကြိုပွိုင့်တိုက်ခန်းများကို နေထိုင် ရန် ၀ယ်ယူသူများအပြင် အရောင်းအ၀ယ် ပြုလုပ်ရန် ၀ယ်ယူ သူများလည်းရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"ကြိုပွိုင့်တော်တော်များများကို ၀ယ်တဲ့သူ တွေက ကန်ထရိုက်တာနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ၀ယ်ကြတာများတယ်။ ကြိုပွိုင့် တိုက်ခန်းတွေကိုဝယ်ပြီး အရောင်းအ၀ယ် လုပ်တဲ့သူတွေလည်း ရှိတယ်။ တချို့က အရစ်ကျငွေ ပေးချေတာ မပြီးသေးခင်မှာတင် အမြတ်နည်းနည်းနဲ့ ပြန်ရောင်းပြီး နောက်ထပ် ကြိုပွိုင့် တိုက်ခန်း တွေ ပြန်ဝယ်ပြန်ရောင်းလုပ်ကြ တယ်။ တချို့ကတော့ ငွေအကြေချေပြီး အခန်း ရတော့မှ အမြတ် များများတင်ပြီးပြန်ရောင်းကြတယ်။ တကယ်နေထိုင်ချင်လို့ ၀ယ်ယူ တဲ့ သူတွေလည်းရှိတယ်" ဟု မြပန်းသခင် အိမ်ခြံ မြေ အကျိုးဆောင်ကိုမင်းမင်းစိုးက ပြောသည်။
ကြိုပွိုင့်တိုက်ခန်းများကို ၀ယ်ယူခြင်းများ တွင် စာချုပ်ချုပ်ဆိုမှုမှာ အလွန်အရေးကြီး သည့်အတွက် ပြဿနာတစ်စုံတစ်ရာ ပေါ် ပေါက်လာပါက ခိုင်မာသည့် စာချုပ်ရှိရန်လိုအပ်ကြောင်းနှင့် ၀ယ်ယူသည့် အခါတွင် ကျွမ်းကျင်သည့်ရှေ့နေများနှင့် သေချာစွာစာချုပ်ချုပ်သင့်ကြောင်း အိမ်ခြံမြေလုပ်ငန်းကျွမ်း ကျင်သူများက ပြောသည်။ ထို့ပြင် ကြိုပွိုင့်တိုက်ခန်းများတည်ဆောက် သည့်ကန်ထရိုက်များတွင် အချိန်မီအခန်းမအပ်နိုင်ခြင်း၊ မြေရှင်နှင့်ပူးပေါင်းလုပ်ဆောင် သည့်အခါတွင် အချို့မြေများမှာ ပိုင်ဆိုင်မှု မခိုင်မာခြင်းများရှိပါက ဆောက်လုပ်မှုပိုင်း၌ ကြန့်ကြာခြင်းများနှင့် ကြိုပွိုင့်အခန်းဈေးနှုန်း များကို အပြောင်းအလဲ ပြုလုပ်ခြင်း များ အစရှိသည့် ပြဿနာများရှိတတ်ကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်ကပြောသည်။
"ကြိုပွိုင့်အခန်းတွေကို ၀ယ်ချင်တယ် ဆိုရင် သေချာလေ့လာပြီးဝယ် သင့်ပါတယ်။ တစ်ခါတလေ ကြိုပွိုင့်တိုက်ခန်းတွေကို ဆောက်တဲ့ ကန်ထရိုက်တွေကြောင့်ပဲဖြစ်ဖြစ်၊ မြေရှင်တွေကြောင့်ပဲဖြစ်ဖြစ် သူတို့က မရှင်းလင်းတဲ့အခါ ပြဿနာလေးတွေ ဖြစ်တတ်ပါ တယ်။အဲဒီချိန် ကျရင် ကိုယ်က ငွေပေးထား ပြီးမှ အခန်းတော်တော်နဲ့ မရတာတို့ ကန်ထရိုက် ဆက်မဆောက်ဖြစ် တော့ရင် အခန်းဆုံးသွားတာတို့ထိ ဖြစ်တတ်ပါတယ်" ဟု ၎င်းကပြောသည်။ ထိုကဲ့သို့ ကြိုပွိုင့်တိုက်ခန်းတည်ဆောက်မှု များပြားလာခြင်းနှင့်အတူ လိုင်စင်မဲ့ ကန်ထရိုက်များ၏ ကြိုပွိုင့်တိုက်ခန်းတည်ဆောက် မှုများလည်း အများအပြား ပေါ်ထွက်ခဲ့ပြီး အခန်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချမှုများကြောင့် လိုင်စင်ရကန်ထရိုက် လုပ်ငန်းရှင်များမှာ များစွာအခက်အခဲ တွ့ ရကြောင်း သင်္ယကျွန်းမြို့နယ်အတွင်း တရားဝင် ကန်ထရိုက်လုပ်ကိုင်သူတစ်ဦးက ပြောသည်။
"ကျွန်တော်တို့တွေက အခန်းတစ်ခန်းကို သိန်း ၁၅၀ နဲ့ ကြိုပွိုင့်ရောင်းတဲ့အချိန်မှာ သူတို့ တွေက တစ်ခန်းကို သိန်း ၁၀၀ နဲ့ ရောင်းနိုင် တယ်။ သူတို့က လိုင်စင်မဲ့ဆောက်ကြတော့ စည်ပင်မှာ လိုင်စင်ကြေးလည်းသွင်းစရာမလို ဘူး။ ကြိုတင်ရောင်းထားတဲ့ ပိုက်ဆံတွေနဲ့ ပြီးစလွယ်ဆောက်ပြီး မြန်မြန်လည်းအခန်းအပ်နိုင်တယ်။ ဆောက်ပြီးရင်လည်း ပါမစ်မရှိ တဲ့ အဆောက်အအုံဆိုတော့ တခြားကုန်ကျ စရိတ်တွေလည်းမရှိဘူး။ ဒီတော့ သူတို့က ပေါပေါရောင်း၊ မြန်မြန်ဆောက်ပြီး ပျောက်သွားကြတယ်"ဟု ၎င်းကပြောသည်။
ဒါပုံမြို့နယ်တွင် ကြိုပွိုင့်တိုက်ခန်းတစ်ခန်း ၀ယ်ယူထားသူတစ်ဦးက "ကျွန်တော်က ကန်ထရိုက် ဆီက တိုက်ရိုက်ဝယ်တာ မဟုတ် ပါဘူး။ ကြိုပွိုင့်နဲ့ဝယ်ထားတဲ့သူဆီက နေတစ်ဆင့် အရစ်ကျနဲ့ပဲ ပြန်ဝယ်ထားတာပါ။ ကျွန်တော် အခုလက်ရှိဝယ်ထားတဲ့အခန်း ကလည်း ဆောက်လို့မပြီးသေးပါ ဘူး။ လာမယ့် နှစ် ဧပြီထဲရောက်တော့မှ ပြီးနိုင်မယ်လို့ မှန်းထားပါတယ်။ ကျွန်တော့်အခန်းကို မကြာ ခဏ သွားကြည့်ပါတယ်။ ဘယ်အဆင့်ရောက် ပြီလဲ၊ တကယ်ရော အလုပ်လုပ်နေကြ လားဆိုပြီး သွားကြည့်ဖြစ်ပါတယ်။ ၀ယ်တုန်းက လည်း သေချာအောင် ရှေ့နေနဲ့စာချုပ်ချုပ် ပြီး ၀ယ်ထားပါတယ်" ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် ကြိုပွိုင့်တိုက်ခန်းများ တည်ဆောက်မှုအများဆုံးမှာ သင်္ဃန်းကျွန်း မြို့နယ်ဖြစ်ပြီး အခန်းဈေးနှုန်းများမှာ အနိမ့် ဆုံး ကျပ် သိန်း ၁၀၀ မှ အမြင့်ဆုံး သိန်း ၃၀၀ ထိရှိပြီး လမ်းနှင့် အထပ်အမြင့်ပေါ်လိုက်၍ ဈေးနှုန်းကွဲပြားသည်။ ဒဂုံမြို့သစ် (မြောက် ပိုင်း) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်များ တွင်လည်း တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြားရှိပြီး လှိုင်မြို့နယ် လမ်းသွယ်များရှိ ကြိုပွိုင့်အခန်းများမှာ ကျပ် သိန်း ၄၀၀ မှ ၄၅၀ ခန့် ပေါက်ဈေးရှိသည်။
Credit : mmtime