မုံရွာ− မြန်မာနိုင်ငံအလယ်ပိုင်းရှိစီးပွားရေးမြို့ဖြစ်သောမုံရွာမြို့တွင်ရပ်ကွက်လေးခုတိုးချဲ့ရန်အဆိုပြုခဲ့ပြီးနောက်ပိုင်းရင်းနှီးမြှုပ်နှံသူများနှင့်မြေဝယ်လိုသူများပြားလာသဖြင့်ရပ်ကွက်အဖြစ်တိုးချဲ့မည့်နေရာများတွင်အိမ်ခြံမြေဝယ်လိုအားသိသာစွာမြင့်တက် လာကြောင်း သတင်းရရှိသည်။
မုံရွာမြို့ အနီးဝန်းကျင်ရှိဇလုပ်ကျေးရွာကို ရွှေဇလုပ်ရပ်ကွက်၊ အက်တောကျေးရွာကို ပြည်တော်သာရပ်ကွက်၊ဖန်းခါး ကျေးရွာအုပ်စုအတွင်းမှ ကံကြီး၊ ရေအိုးစင်စသောကျေးရွာများတွင် လူနေထူထပ်သောနေရာအချို့ကိုဗန္ဓုလရပ်ကွက်၊ခဝဲကျင်း ကျေးရွာအုပ်စုအတွင်းလူနေထူထပ်သည့်ကျေးရွာအချို့စုပေါင်းပြီး ရွှေပြည်အေးရပ်ကွက် အဖြစ် တိုးချဲ့ဖွဲ့စည်းရန် သက် ဆိုင်ရာသို့အဆိုပြုထားသည်ဟုမုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
‘‘ကျေးရွာကနေရပ်ကွက်အဖြစ်တိုးချဲ့မယ်ဆိုတဲ့သတင်း တွေကြောင့် အက်တော၊ ဇလုပ် စတဲ့ကျေးရွာတွေမှာအရောင်း အဝယ်ပိုသွက်တယ်။ မြို့သစ်ရပ် ကွက်အနေနဲ့ပြောရရင် အင်းရွာသစ်၊နန္ဒဝန်၊ချမ်းမြဝတီ(သလ္လာမြို့သစ်)စတဲ့ရပ်ကွက်တွေမှာဝယ်လိုအားပိုများလာတယ်။ရွာမြေတွေဆိုတော့ မြေအကျယ်အဝန်းပေါ်မူတည်ပြီးကျပ်သိန်းတစ်ရာကနေသိန်းနှစ်ရာဝန်းကျင်အထိအရောင်းအဝယ်ဖြစ်တယ်’’ဟုမုံရွာမြို့စိန်နန်းတော် အိမ်ခြံမြေအကျိုးဆောင် ဦးညို ဝင်းက ပြောသည်။
‘‘ကျေးရွာအဆင့်ကနေ ရပ် ကွက်အဆင့်ထိ တိုးချဲ့ဖွဲ့စည်းဖို့ တိုင်းဒေသကြီး ကက်ဘိနက် အစည်းအဝေးကို တင်ပြထား တယ်။တိုင်းဒေသကြီးကနေ ပြည်ထောင်စုအဆင့်ကိုတင်ပြပြီး မှအတည်ပြုနိုင်မယ်။ နောက်ထပ်အင်းရွာသစ်ရပ်ကွက်ကို လည်းကန်သာဦးရပ်ကွက်အမည် ပြောင်းလဲဖို့စီစဉ်နေတယ်’’ဟုမုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးညွန့်စိုးကအတည်ပြုပြောကြား ခဲ့သည်။
အဆိုပါကျေးရွာများတွင် နေရာဒေသအလိုက် မြေအကျယ် အဝန်းပေါ်မူတည်၍ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက နှစ်ဆခန့် အိမ်ခြံမြေဈေးမြင့်တက်လာခဲ့ပြီး ကျေးရွာအနီးတစ်ဝိုက်လယ်ယာ မြေများတွင်လည်းစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် မြေယာ ဝယ်လိုအားမြင့်တက်လာကြောင်း မုံရွာဒေသခံ အိမ်ခြံမြေအကျိုး ဆောင်များ ပြောပြချက်အရ သိရ သည်။
Credit : 7Day Daily