ရန်ကုန်မြို့၌ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် စည်ပင်ဥပဒေများနှင့် စည်းကမ်း များကြောင့် လုပ်ငန်းရှင်များ အခက်တွေ့ နေကြောင်း တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။ အခုဆို ကန့်သတ်ချက်တွေ များနေတဲ့ အတွက် အဆောက်အအုံက ဆောက်လို့ မရဘူး ဖြစ်နေတယ်။ မြို့ပြ ဖွံ့ ဖြိုးရေးတွေ အတွက် အထပ်မြင့်တွေ များများ ဆောက်ခွင့်ပြု သင့်တယ် ဟု ၎င်းက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် အထပ်မြင့် ကန့်သတ်ထားခြင်း၊ အဆောက်အအုံ ဆောက်လုပ်ရာတွင် ရှေ့မြေ ချန်ခြင်း၊ နောက်မြေ ချန်ခြင်းနှင့် Road Building Ratio ကန့်သတ်ခြင်း စသည့် တို့ကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ဖြေလျော့ပေးရန် လိုအပ်သော အချက်အလက် များကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆွေးနွေး သွားမည် ဖြစ်ပြီး၊ ရန်ကုန်မြို့ပြ စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို လည်း တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် စည်ပင် ဥပဒေမှာ အရင်လို တင်းတင်းကြပ်ကြပ် မဟုတ်ဘဲ ဖြေလျော့လို့ ရတာတွေ အများကြီး ဖြေလျော့ပေး ထားတာပဲ၊ Plan တွေ သတ်မှတ်တာလည်း ပြည်သူ အားလုံးချပြီးမှ ပညာရှင်တွေနဲ့ တိုင်ပင် ဆောင်ရွက်ထားတာ ဖြစ်တဲ့ အတွက် အမှန် တကယ် လိုအပ်လို့ လုပ်ထားတာ ဖြစ်ပါတယ် ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ လက်ထောက် ဌာနမှူး တစ်ဦး က ပြောသည်။
ရန်ကုန်မြို့ပြ စီမံကိန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ညှိနှိုင်း ဆောင်ရွက်ကာ လိုအပ်သည့် ကဏ္ဍများတွင် ဖြည့်ဆည်းပေး သွားမည် ဖြစ်ပြီး၊ အထပ်မြင့် အဆောက်အအုံများ တည်ဆောက် ခွင့်ပြုပေးနိုင်ရန် အတွက်လည်း တောင်းဆို သွားမည် ဖြစ်ကြောင်း၊ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ဆိုသည်။
Credit: Messenger