ရန်ကုန်မြို့တွင် ကန်ထရိုက်တာအချို့ မြေရှင်နှင့် အခန်းပေး၊ အခန်းယူတည်ဆောက်ခြင်းထက် ကိုယ်တိုင်မြေ၀ယ်ယူကာ ပြန်လည်တည်ဆောက်မှုများပြားလာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
အများစုက မူလမြေရှင်နှင့် ညှိနှိုင်းရသည်မှာ ကြာမြင့်ခြင်း၊ အကျိုးအမြတ်နည်းပါးခြင်း စသည်တို့ကြောင့် ရပ်ကွက်ကန်ထရိုက်တာအချင်းချင်း ပူးပေါင်းပြီး မြေ၀ယ်၍ ကန်ထရိုက်တိုက်များ ဆောက်လုပ်လာကြောင်း စမ်းချောင်းမြို့နယ်မှ လိုင်စင်ရကန်ထရိုက်တာ ဦးဝင်းမြိုင်စိုးက ရှင်းပြသည်။
‘‘တချို့က မြေကွက်နှစ်ကွက်ကို တစ်ခါတည်းပေါင်းဝယ်ပြီး ကွန်ဒိုဆောက်တယ်။ မြေရှင်လည်း ငွေသိန်းထောင်ချီပိုက်ပြီး တိုက်ခန်းကောင်းကောင်းတစ်ခန်း ပြန်ဝယ်နေလိုက်ကြတယ်’’ဟု အထက်ပါကန်ထရိုက်တာက ရှင်းပြသည်။
အထူးသဖြင့် ကန်ထရိုက်ကိုယ်တိုင် မြေ၀ယ်ယူ၍ တည်ဆောက်သည့် တိုက်ခန်းများမှာ မြို့စွန်များတွင် ပိုမိုများပြီး သာကေတ၊ ဒေါပုံကဲ့သို့ မြို့နယ်များတွင် ပိုမိုတည်ဆောက်ကြကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင် ဦးစိုင်းခွန်နောင်ကဆိုသည်။
‘‘အရင်ခြံနဲ့နေခဲ့တဲ့သူက ရှိတဲ့မြေကို ကန်ထရိုက်ဆီရောင်းစားပြီး ရတဲ့ငွေနဲ့ ကွန်ဒိုတစ်ခန်းကောင်းကောင်း ပြန်ဝယ်ပြီးနေကြတယ်’’ဟု ဦးစိုင်းခွန်နောင်က ပြောသည်။
အချို့ကန်ထရိုက်အများစုကမူ မြေ၀ယ်ယူပြီး ကန်ထရိုက်တိုက်ဆောက်ရန် ရည်ရွယ်ထားသော်လည်း အချက်အချာကျပြီး ဈေးကောင်းရသည့် နေရာဆိုပါက မြေကိုတစ်ဆင့်ခံ ပြန်လည်ရောင်းချကြသည်ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင်က ဆိုသည်။
‘‘ဆောက်မယ်လို့ ရည်ရွယ်ထားပေမယ့် ဈေးကောင်းပေးပြီး လာဝယ်လိုက်ရင် ရောင်းထုတ်ကြတာချည်းပဲ’’ဟု အထက်ပါလုပ်ငန်းရှင်ကဆိုသည်။
လက်ရှိအစိုးရလက်ထက်မှစတင်ကာ အချက်အချာကျသောလမ်းမများတွင် ကွန်ဒိုများ၊ ဈေးဝယ်စင်တာများ တည်ဆောက်ခြင်းကို ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများက ကိုယ်တိုင်မြေ၀ယ်ယူ တည်ဆောက်နေသည့်အပြင် ရပ်ကွက်အတွင်း တည်ဆောက်သည့် ကန်ထရိုက်တာများကလည်း ရပ်ကွက်အတွင်းရှိ မြေများကိုဝယ်ယူပြီး ကန်ထရိုက်တိုက်များ အလုအယက်ဆောက်လုပ်နေကြကြောင်း အထက်ပါလုပ်ငန်းရှင်က သုံးသပ်သည်။
ရန်ကုန်တွင် လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်က ဆောက်လုပ်ရေးများ အားကောင်းခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ဖူးပြီး လက်ရှိအစိုးရလက်ထက် ၂၀၁၄ ခုနှစ်သည် အထပ်မြင့်အဆောက်အအုံတည်ဆောက်ရန် ခွင့်ပြုမိန့်အများဆုံး နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခန့်မှန်းထားသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ အဓိကအားကောင်းလာရခြင်းမှာ အရင်းများ၍ အမြတ်များခြင်းကြောင့်ဖြစ်ပြီး ကွန်ဒိုများ၊ ကန်ထရိုက်တိုက်များ၏ တစ်ပေပတ်လည်ပေါက်ဈေးမှာ ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက နှစ်စဉ်မြင့်တက်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများပြားလာကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်သည်။
‘‘ဒီလိုအကျိုးဆက်က လက်လုပ်လက်စား သာမန်လူတန်းစားတွေ အိမ်မပိုင်နိုင်တော့ဘူး’’ဟု အထက်ပါပညာရှင်ကဆိုသည်။
Credit: 7 Day Daily