ဇိမ်ခံကားကြီး၊ ကားသေးများဖြင့် လွန်ခဲ့သည့် တစ်လကျော်က စည်ကားနေတတ်သော ပန်းလှိုင်တံတားအဆင်း တွံတေး- လှိုင်သာယာ ကားလမ်းနံဘေးတွင် စက်တင်ဘာ ၂၇ ရက် နောက်ပိုင်းမှစကာ မြေအရောင်းအ၀ယ်လုပ်မည့်သူ မရှိသလောက် နည်းပါးသွားသည်။ စီးပွားရေးသမားများ၊ ပွဲစားများ ခြေချင်းလိမ်ခဲ့သော နေရာတို့မှာ ချက်ချင်းခြောက်ကပ်သွားပြီး မြို့သစ်စီမံကိန်းကို ကြိုဆိုပါသည်ဆိုသော ဆိုင်းဘုတ်အနီကြီးများသာ ထိုးထိုးထောင်ထောင် ကျန်ရှိတော့သည်။
သြဂုတ် ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ရန်ကုန်၏အနောက်ပိုင်းတွင် မြို့သစ်စီမံကိန်း လုပ်ဆောင်မည်ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားအပြီး ရက်ပေါင်း ၃၄ ရက်အကြာ၌ စီမံကိန်းကို ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ဟု ပြောကြားလိုက်သည်။
စီမံကိန်းဖော်ဆောင်မည့်နေရာကို လွန်ခဲ့သည့် ၂ နှစ်ကျော် ကာလကတည်းက လုပ်ငန်းရှင်ကြီးများက ကြိုတင်သတင်းရ၍ ၀ယ်ယူမှုများရှိခဲ့ပြီး စီမံကိန်းဆောင်ရွက်မည်ဆိုသည့် အချိန်တွင် အဆိုပါလုပ်ငန်းရှင်ကြီးများက ပြန်လည်ထုတ်ရောင်းခြင်းဖြစ်ကြောင်း တွံတေးမြို့နယ် ခလောက်ချိုင့်ကျေးရွာသား ကိုမင်းနိုင်စိုးကပြောသည်။
‘‘လွန်ခဲ့တဲ့ ၂ နှစ်က မြေကြိုဝယ်ပြီး အခုထုတ်ရောင်းလိုက်တဲ့သူတွေ ၁၀ ဆလောက် မြတ်မယ်။ မြေလာဝယ်တဲ့သူတွေ အကုန်လုံး ပိုက်ဘောမိပြီ’’ဟု ကိုမင်းနိုင်စိုးက ဆက်ပြောသည်။
လွန်ခဲ့သည့် ၂ နှစ်ကျော်ကတည်းက မြေကြိုတင်ဝယ်ယူထားသူအများစုမှာ မြို့သစ်စီမံကိန်းကို တင်ဒါလုပ်ခွင့်ရရှိသည်ဆိုသော မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီနှင့် ဆက်စပ်သူများ၊ သတင်းကြိုသိသော ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များ၊ ရန်ကုန်မြို့တော်စည်ပင်မှ ထိပ်ပိုင်းအရာရှိများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နီးစပ်သူများက ကြိုတင်သတင်းရ၍ ၀ယ်ယူကြသည်ဟု ခလောက်ချိုင့်ရွာသားအချို့က သုံးသပ်ပြောကြသည်။
၎င်းတို့က စီမံကိန်းလုပ်ဆောင်မည်ဟုဆိုသောအခါ လာရောက်ဈေးကောင်းပေးဝယ်ယူသူများကို ပြန်လည်ထုတ်ရောင်းလိုက်ကြပြီဖြစ်သည်။ ရန်ကုန်မြို့တော်ဝန်က ၂၀၄၀ မှ ပြန်လည်စတင်မည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာတွင် မြေပိုက်ဘောမိသူများဖြင့် ပြည့်နှက်သွားပြီဖြစ်သည်။
၂၀၁၃ ကလည်း ဒလမြို့နှင့် ရန်ကုန် တံတားထိုးမည်ဆိုခြင်းကြောင့် ဒလတစ်ဖက်ကမ်းတွင် မြေကို အလုအယက်လိုက်ဝယ်ကြပြီး တံတားစီမံကိန်းပျက်ပြီဟု သမ္မတရုံးဝန်ကြီးဦးစိုးသိမ်းက ပြောကြားလိုက်သောအခါ မြေ၀ယ်ထားသူများ ပိုက်ဘောမိခဲ့ကြဖူးသည်။ ထို့ကြောင့် စီမံကိန်းသတင်းကြား၍ မြေ၀ယ်လှောင်သူများ ဒုတိယအကြိမ် အထိနာခဲ့ကြခြင်းဖြစ်သည်။
‘‘နောက်ဆို စီမံကိန်းအသံကြားတိုင်း မြေ၀ယ်ရဲကြမှာ မဟုတ်တော့ဘူး’’ဟု စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင် ဦးစိုင်းခွန်နောင်ကပြောသည်။
စီမံကိန်းတစ်ခု ဆောင်ရွက်မည်ဟု ကြေညာအပြီး မလုပ်တော့ဟု ပြန်လည်ကြေညာခြင်းက တိုင်းပြည်၏ အစိုးရအပေါ် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူတို့အတွက် ယုံကြည်မှုလျော့ကျစေကြောင်း စည်ပင်၏တင်ဒါများတွင် ၀င်ရောက်ယှဉ်ပြိုင်ဖူးပြီး ကိုယ်တိုင်မြေ၀ယ်ထားသူ လုပ်ငန်းရှင်ကြီးတစ်ဦးကပြောသည်။
မြို့သစ်စီမံကိန်းနယ်မြေတွင် သိန်းခုနစ်ထောင်ကျော်ဖိုး မြေ ၁၀ ဧကကျော် ၀ယ်သွားသော မူဆယ်ဘက်မှ လုပ်ငန်းရှင်တစ်ဦးသည် စီမံကိန်းရပ်တန့်ပြီဟု သတင်းထွက်ပေါ်လာပြီး နောက်နေ့နံနက်တွင် ၎င်း၏နေအိမ်၌ စိတ်ကယောင်ချောက်ချားဖြစ်သွားသည်ဟု ကြားသိရကြောင်း တွံတေးမြို့နယ် အထက်တမာတကောကျေးရွာမှ လယ်ယာမြေအကျိုးဆောင် ဦးမြလွင်ကပြောသည်။
‘‘ကိုယ်တိုင် အရောင်းအ၀ယ်လုပ်ပေးလိုက်တာ။ အဲဒီအမျိုးသားက အမှတ်မရှိဘူး။ ဒါဖြစ်တာ ဒုတိယအကြိမ်။ ပြီးခဲ့တဲ့နှစ်က ဒလမှာလည်း မြေ၀ယ်ထားသေးတယ်’’ဟု မူဆယ်မှ မြေလာဝယ်သူ အမျိုးသားတစ်ဦး၏ အကြောင်းကို အထက်ပါအကျိုးဆောင်က ဆက်ပြောသည်။
စီမံကိန်းတွင် ပုဂ္ဂိုလ်အချို့အတွက် မူးယစ်ဆေးဝါး၊ မှောင်ခိုလမ်းကြောင်းများမှ ရရှိသော ငွေမည်းများဖြင့် မြေ၀ယ်ပြီး ပြန်လည်ရောင်းချခဲ့ရာ ၎င်းတို့အတွက် ငွေမည်းအဖြစ်မှ ငွေဖြူအဖြစ်သို့ မြို့သစ်စီမံကိန်းက လုပ်ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း စီးပွားရေးပညာရှင်ဦးလှမောင်က သုံးသပ်ပြောသည်။
အချို့မြေ၀ယ်ထားသူများကလည်း လယ်သမားများကို ပြန်လည်ရောင်းချရန် စီစဉ်နေပြီး လယ်သမားများကလည်း လယ်မလုပ်သည်မှာ သုံးလေးနှစ်ကြာနေပြီဖြစ်သောကြောင့် ပြန်လည်လုပ်ကိုင်လိုခြင်းမရှိတော့ကြောင်း အကျိုးဆောင်ဦးမြလွင်ကဆိုသည်။ အကျိုးဆောင်ဦးမြလွင် ကိုယ်တိုင်ပင် ၎င်းပိုင်ဆိုင်သည့် လယ်ငါးဧကကို ရောင်းချပြီးဖြစ်ပြီး လှိုင်သာယာတွင် မြေပြန်လည်ဝယ်ယူထားသည်။ ၀ယ်ထားသော မြေကွက်တွင် လူနေအဆောင်ဆောက်လုပ်၍ ငှားရမ်းပြီး ၀င်ငွေရှာရန် စီစဉ်နေသည်။
တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ပင်လယ်ထွက်ပေါက်နေရာကို တိုင်းတစ်ပါးသားနိုင်ငံခြားသားလက်ထဲသို့ ထိုးထည့်ရမည့်ကိစ္စကို ယခုလိုရပ်ဆိုင်းလိုက်ခြင်းသည် နိုင်ငံနှင့် စီးပွားရေးမြို့တော် ရန်ကုန်အတွက် များစွာကံကောင်းသွားရပြီဖြစ်ကြောင်း ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကပြောသည်။ ၎င်းသည် ပွင့်လင်းမြင်သာမှုလုံးဝမရှိသော မြို့သစ်စီမံကိန်းကို ဆန့်ကျင်သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။
သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက စီမံကိန်းများ သတင်းထွက်ပေါ်လာလျှင် မြေဈေးများ တက်လေ့ရှိသောကြောင့် စီမံကိန်းများကို ကြိုမပြောတော့ဟု ပြောထားခဲ့ပြီး မြေဈေးများဆက်တိုက်မြင့်တက်နေမှုနှင့် ပတ်သက်၍ ဈေးကျအောင်လုပ်ရန် အစီအစဉ်များရှိကြောင်း ဦးစိုးသိန်းက ပြောထားသည်။
ထို့ကြောင့် ယခုမြို့သစ်စီမံကိန်းသည် မြေဈေးကျစေရန် လုပ်ဆောင်သည့် အစိုးရ၏ ဟန်ပြစီမံကိန်းတစ်ခု ဖြစ်လာနိုင်သည်ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင်က သူ၏အမြင်ကိုပြောသည်။ ထိုကဲ့သို့ ထင်မြင်ယူဆသည်မှာ သူတစ်ယောက်တည်းမဟုတ်ပါ။
သို့သော် မြို့တော်ဝန်နှင့် ၀န်ကြီးချုပ်တို့ ဦးဆောင်စီစဉ်သော မြို့သစ်စီမံကိန်းမှာ ဖိအားမျိုးစုံကြုံရပြီးဖြစ်သောကြောင့် လက်လျှော့သွားခြင်းဖြစ်သည်ဟု သုံးသပ်သူများရှိသည်။
ယခင်ဖော်ထုတ်ခဲ့သော မြို့သစ်စီမံကိန်းများမှာပင် အခြေခံအဆောက်အအုံ ပြည့်စုံအောင် အစိုးရက ဆောင်ရွက်မပေးသောကြောင့် ယခုစီမံကိန်းဆောင်ရွက်ဖြစ်ပါက သင့်ရာလူကို လုပ်ခွင့်ပေးကာ အဂတိလိုက်စားမည့်ဘေးမှ ကင်းသွားပြီဟုလည်း မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်ကပြောသည်။
အရှေ့တောင်အာရှတွင် မြေဈေးအကြီးဆုံးမြို့တစ်မြို့အဖြစ် ရပ်တည်နေသည့် ရန်ကုန်မြို့၌ မြို့သစ်စီမံကိန်းတည်ဆောက်မည့် မြေနေရာတွင် ပြီးခဲ့သည့်လက လုပ်ငန်းရှင်အချို့က သူ့ထက်ငါ အလုပ်အယက်မြေ၀ယ်ယူနေပြီး မြေဈေးများလည်း ရက်ပိုင်းအတွင်း ကျပ်သိန်းဆယ်ဂဏန်းမှ ထောင်ဂဏန်းအထိ တက်သွားခဲ့သည်။ သို့သော် စက်တင်ဘာနောက်ဆုံးပတ်မှ စတင်ပြီး စီမံကိန်းပျက်ပြားသွားပြီဆိုခြင်းကြောင့် ရက်ပိုင်းအတွင်း ဈေးနှုန်းများ ပြန်လည်ကျဆင်းစပြုနေပြီဟု လယ်ယာမြေအကျိုးဆောင်များက ခန့်မှန်းကြသည်။
နောက်ဆုံးတွင် ငွေအလုံးအရင်းဖြင့် ရှေ့မှ ကြိုတင်ဝယ်ယူထားသူများက စီမံကိန်းသတင်း ပေါ်ထွက်လာပြီးနောက် အမြတ်အစွန်းများများဖြင့် မြန်ဆန်စွာရောင်းချလိုက်ပြီး ငွေထုပ်ပိုက်သွားကြပြီဖြစ်သည်။
ယခုရန်ကုန်မြို့သစ်စီမံကိန်း ပျက်သွားရခြင်းမှာ နိုင်ငံတော်သမ္မတက လုပ်ဆောင်မည့် စီမံကိန်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခြင်းတို့ကြောင့် စီမံကိန်းကို ဆက်လက်မလုပ်ဆောင်ရန် အစိုးရအဖွဲ့သို့ ရပ်ဆိုင်းခိုင်းထားခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ဖြေကြားထားသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးကို လုပ်ရိုးလုပ်စဉ်သာ မလုပ်ကြဘဲ ငွေထုတ်ပိုက်၍ အသံကြားရာနေရာသို့ မြေလိုက်ဝယ်နေကြသူများအတွက် ဆင်ခြင်စရာတစ်ခုဖြစ်ခဲ့ပြီး ပွဲလန့်တုန်းဖျာခင်းသူများကို သတိထားရန်လိုအပ်ပြီဆိုသည်မှာ အဆိုပါ မြို့သစ်စီမံကိန်းကပေးသော သင်ခန်းစာဖြစ်ကြောင်း စီးပွားရေးပညာရှင်ဦးလှမောင်ကပြောသည်။
အစိုးရမှ စီမံကိန်းတစ်ခု လုပ်ဆောင်သည်ဆိုသည်မှာ လုပ်မည်ဟုပြောရုံဖြင့်မရဘဲ ဥပဒေနည်းဥပဒေများပြုပြီး စတင်ဆောင်ရွက်မည့်သူက လုပ်ဆောင်မှသာ စီမံကိန်းခိုင်မာမှု ရှိ၊ မရှိကို ဆန်းစစ်နိုင်ကြောင်း ဦးလှမောင်က အကြံပြုသည်။
‘‘ဒီက အစိုးရလူကြီးပိုင်းတွေက တရေးနိုးအကြံပေါ်ထလုပ်ကြတာ ယုံသင့်၊ မယုံသင့်တော့ ချင့်ချိန်ကြပေါ့’’ဟု ဦးလှမောင်က သတိပေးပြောဆိုသည်။
Credit: 7 Day Daily