မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီ တောင်ခြေ ကင်မွန်းစခန်း ဧရိယာထဲတွင် ယခုနှစ်အတွင်း ကမ္ဘာ့ အဆင့်မီ ဟိုတယ် (၁၀) လုံးအား စတင် တည်ဆောက် သွားမည် ဖြစ်ကြောင်း အမျိုးသား ဖွံ့ ဖြိုး တိုးတက်ရေး ကုမ္ပဏီအုပ်စုမှ သိရသည်။
တောင်ပေါ်မှာရှိတဲ့ ဟိုတယ် ဆိုရင်လည်း ဈေးက အဆမတန် ကြီးတယ်။ အခု ဘုရားသုံးဆူ တောင်ပေါ်လမ်း အောက်လမ်း တွေလည်း ဖောက်နေပြီ။ ဗီယက်နမ်နဲ့ ထိုင်းဆိုတာ ကျိုက်ထီးရိုးကို အသဲစွဲပဲ။ ဗီယက်နမ်က အန်ကောဝပ်ကျောင်း ထက်တောင် လူပိုလာသေးတယ် ဟု အမျိုးသား ဖွံ့ ဖြိုး တိုးတက်ရေး ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးခင်ရွှေက The Messenger Media သို့ ပြောသည်။
ယင်း ဟိုတယ်များ တည်ဆောက်ရန် အတွက် ကျိုက်ထီးရိုး စေတီအနီးရှိ ရသေ့တောင်၊ ကင်မွန်း စခန်း ဧရိယာတွင် မြေဧက (၁၀၀) ကျော်ကို အမျိုးသား ဖွံ့ ဖြိုး တိုးတက်ရေး ကုမ္ပဏီ အုပ်စုမှ ၀ယ်ယူထားပြီး ယင်းမြေများသည် ဥယျဉ်ခြံ မြေများ ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိ သူတို့က ဆိုသည်။ ယခုအခါတွင် ကျိုက်ထီးရိုးတောင်သို့ တက်ရန်အတွက် ကေဘယ်ကားများကို ယခုလအတွင်း ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ကျိုက်ထီးရိုး စေတီသို့ လာရောက် ဖူးမျှော်သူသည် ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လ အထိ နှစ်သန်းကျော်ရှိကာ ကမ္ဘာလှည့် ခရီးသွား တစ်သိန်းကျော် ပါဝင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ၎င်းဟိုတယ်များ တည်ဆောက်ရာတွင် ဟိုတယ် တစ်လုံး၏ ကနဦး စတင် ရင်းနှီးငွေ မှာ ကျပ်သိန်းပေါင်း နှစ်သောင်းဖြစ်ပြီး လက်ရှိ အချိန်တွင် ကျိုက်ထီးရိုး၌ ကျိုက်ထို ဟိုတယ်နှင့် ဘောက သီရိဟိုတယ် နှစ်လုံးသာ ရှိကြောင်း သိရသည်။
အမျိုးသား ဖွံ့ ဖြိုး တိုးတက်ရေး ကုမ္ပဏီအုပ်စုကို ၁၉၉၈ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ယခင် စစ်အစိုးရနှင့် ပတ်သက်သူ စီးပွားရေး လုပ်ငန်းရှင်ကြီး များ စုစုပေါင်းရှယ်ယာ ထည့်ဝင်ခဲ့ပြီး၊ ယခုအချိန် တွင်လည်း လက်ရှိ အစိုးရ အဖွဲ့ဝင်များနှင့် ပတ်သက် ဆက်နွယ်သော ထိပ်တန်း သူဌေးများ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးတိုးနိုင်မန်း၊ ဦးသိုက်ထွန်းတို့ ရှယ်ယာ ထည့်ဝင် လုပ်ကိုင်လျက်ရှိသည်။
Credit: Messenger