ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး သတင်းမီဒီယာများ၌ကျယ်ကျယ်လောင်လောင် အသံများ ထွက်ပေါ်နေသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်ယင်းကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန် ရှင်းလင်းဖော်ပြခြင်းမရှိသည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်မှုများ ရှိနေသည့်အပြင် လွှတ်တော် ကိုယ်စားလှယ် အများစုကလည်း ယင်းကိစ္စအတွက် လွှတ်တော် အသီးသီးတွင် တင်ပြဆွေးနွေးရန် ပြင်ဆင်နေ ကြပြီဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ”ဒီကိစ္စဟာ တိုင်းပြည် အတွက် အင်မတန်အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုရင် အခုစီမံကိန်းလုပ်မယ့် ကုမ္ပဏီက တရုတ်ကုမ္ပဏီ ဖြစ်နေတယ်။ ပြီးတော့အဓိကအရေးကြီးတာက ပင်လယ်ဝကို မျက်နှာမူပြီး မြို့တည်မှာဆိုတော့ကိုယ့်နိုင်ငံ အတွက် လုံခြုံမှု မရှိဘူး။ တစ်ဖက်နိုင်ငံက အလွယ်တကူသိမ်းလို့ရတယ်။ အဲဒီအတွက် တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာစဉ်းစားဖို့ကောင်းတယ်”ဟု ဆိုသည်။
စီမံကိန်း အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်သို့ အသိပေးရုံသာ တင်ပြခဲ့သည့်အတွက် လွှတ်တော် တွင်း အငြင်းပွားမှုများ ရှိခဲ့သည့်အပြင် ကျန်ရှိသော နေပြည်တော်ရှိ လွှတ်တော်အဖွဲ့အစည်းများတွင်လည်း ယင်းအခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိလာခဲ့ရာလာမည့် လွှတ်တော် ကျင်းပမည့်အချိန်တွင် ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နိုင် ရန် ကိုယ်စားလှယ်အချို့က လိုအပ်သည့် သတင်းအချက်အလက်များစုဆောင်းနေကြောင်း သိရသည်။
”အခုစီမံကိန်းနဲ့ ပတ်သက်ပြီးကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ သဝဏ်လွှာ သဘော မျိုးနဲ့ လာဖတ်ပြတာပဲရှိတော့ ကျွန်မက အဲဒီစာကို ကိုယ်စားလှယ်အားလုံးရဲ့လက်ထဲကို ဝေပေးပါ။ ပြီးတော့ ကိုယ်စားလှယ်တွေ အဲဒီကိစ္စကိုဆွေးနွေးပါ ဆိုပြီးတော့ ပြောတယ်။ နောက်တစ်ချက်က အခုလုပ်မယ့်ကုမ္ပဏီက နိုင်ငံခြားသားတွေ ပါဝင်ပတ်သက်နေတာဆိုတော့ သူတို့ရဲ့ငွေကြေးဟာ ငွေဖြူလား၊ ငွေမည်းလားဆိုတာလည်း သိဖို့လိုတယ်။ အခုဆိုရင် အဲဒီစီမံကိန်းမှာ ပါဝင်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ မီဒီယာတွေမှာ ဖော်ပြနေတာ တွေ ရှိတယ်။ သူက အထောက်အထား မခိုင်လုံဘဲနဲ့တော့ ဒီသတင်းတွေကို ထုတ်ပြန်မှာမဟုတ်ဘူး။ အခုဆိုရင် နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တော်တော်များများကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းအချက် အလက်တွေ ကျွန်မကို မေးကြတယ်။ စုဆောင်းကြတယ်။ သူတို့လည်းလွှတ်တော်ထဲမှာ ဆွေးနွေးဖို့ ပြင်ဆင် နေတယ်လို့ သိရတယ်”ဟု လွှတ်တော်တွင်းမှ အခြေအနေကို ပြောသည်။
ယင်းနောက် ပြည်သူ့ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီမှ အမည်မဖော် လိုသူ ကိုယ်စားလှယ်တစ်ဦးက ပြောကြားရာမှာ ”ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်ခု တည်းနဲ့လုပ်လို့မရဘူး။ လွှတ်တော်အဆင့်ဆင့်ကို တင်ပြ ဆွေးနွေးဖို့လိုတယ်။ တကယ်တော့ ကော်မတီ အနေနဲ့ကလည်း ဒီလိုစီမံကိန်းကြီးတွေကို ထိထိရောက်ရောက် ဝင်ပြီးတော့ စစ်ဆေးမှုတွေ လုပ်သင့်တယ်။ ဘယ်သူတွေ လုပ်မှာလဲ။ ငွေကြေးဘယ်လောက် ရင်းနှီးမြှုပ်နှံမှာလဲ။ အဲဒီငွေကြေးက တရားဝင်ပိုင်ဆိုင်တဲ့ ငွေကြေးလား။ ပြီးတော့ စီမံကိန်းစာချုပ်တွေကို ဘယ်လိုချုပ်ဆိုကြသလဲ။ တိုင်းပြည်အတွက် ဘယ်လောက် အကျိုးရှိသလဲ ဆိုတဲ့အခြေခံအချက်အလက်တွေကအစကော်မတီအနေနဲ့ စစ်ဆေးသင့်တယ်။ ဒါပေမယ့် ကျွန်မတို့ ကော်မတီအဲဒီအလုပ်တွေကို တစ်ခုမှ လုပ်ခဲ့တာ မရှိဘူး။ ပြီးတော့ ကော်မတီဥက္ကဋ္ဌကလည်း ယုဇန ဦးဌေးမြင့်ဆိုတော့ သူကိုယ်တိုင်က ဆန္ဒပြတဲ့ကိစ္စတွေကိုပဲ ရှင်းနေရတာနဲ့ ကော်မတီက ဘာမှမလုပ်ရဘူး ဖြစ်နေတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ယခု စီမံကိန်း ဖော်ဆောင်မှုသည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် သက်ဆိုင်ရာ အာဏာပိုင်များ နှင့် နီးစပ်သူများကို လုပ်ပိုင်ခွင့်ချပေးခဲ့သည်ဟု စီမံကိန်းများဖော်ဆောင်ရာတွင် တင်ဒါတင်သွင်း လုပ်ကိုင်သည့် အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
”စီမံကိန်းရဲ့ လုပ်ဆောင်ချက်တွေဟာ အခန့်မသင့်ရင် ဝန်ကြီးချုပ်တောင် ပြုတ်သွားနိုင်တယ်။ ဒီစီမံ ကိန်းက လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့ အတွေ့အကြုံအရ ငွေဖော်တဲ့စီမံကိန်းလို့ မြင်တယ်။ ဒီစီမံကိန်း အတွက် တင်ဒါခေါ်မယ်လို့ သြဂုတ်လ ၂၈ ရက်က ကြေညာတယ်။ ဒါပေမယ့် စက်တင်ဘာလ ၉ ရက်အထိ တော့ ကျွန်တော်တို့ကို ဘာမှအကြောင်းမပြန်သေးဘူး။ စီးပွားရေးလောကမှာ စီမံကိန်းဆိုတာထက် ဝန်ကြီးချုပ်နဲ့ ပတ်သက်တဲ့လူတွေရဲ့မြေတွေက အဲဒီဘက်မှာအများကြီးရှိနေတယ်။ ငွေပြန်ဖော်ဖို့လုပ်တယ် လို့တော့ ပြောနေကြတာတွေရှိတယ်”ဟု ၎င်းကပြောသည်။
လက်ရှိ စီမံကိန်းလုပ်ဆောင်သူများအနေဖြင့် ပိုင်ဆိုင်သည့် ငွေကြေးများ၏ အခြေအနေနှင့် ပတ် သက်ပြီး ၎င်းက ဆက်လက်ပြောကြားရာတွင် ”ဒီလောက်ကြီးမားတဲ့ငွေပမာဏကို ရင်းနှီးမြှုပ်နှံမယ်ဆိုတော့ ဒီငွေတွေက ဘယ်က ရလာသလဲ။ ငွေဖြူ ဖြစ်ရဲ့လား၊ အခွန်ဆောင်ထားပြီးတဲ့ ငွေတွေလားဆိုတာကို စစ်ဆေးရမယ်။ မြန်မာပြည်မှာ တရုတ်က လုပ်ပေးတဲ့ တည်ဆောက်ရေး စီမံကိန်း ဘာရှိလို့လဲ။ ဖြစ်ရော ဖြစ်လို့လား ဆိုတာတွေကိုသုံးသပ်ရမယ်”ဟု ၎င်း၏ အတွေ့အကြုံနှင့် လက်ရှိ ဖြစ်ပေါ်နေသည့်စီမံကိန်း၏ လျှို့ဝှက်ချက်များအားသုံးသပ်ပြောကြားသည်။ ယင်းစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီးကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိအေးရွာ၊ ဆိပ်ကြီးခနောင်တိုစသည့်ပတ်ဝန်းကျင်ရှိ ကျေးရွာများ တည်ရှိသော ဧရိယာများတွင် အကောင်အထည်ဖော်ဆောင်မည် ဆိုသည့်သတင်းများကြောင့် ယင်းဒေသရှိမြေဈေးနှုန်းများ အဆမတန်မြင့် တက်နေကြောင်း သိရသည်။
”တည်ဆောက်မယ့် မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ သုံးသပ်ချက်၊ ထင်မြင် ချက်တွေ အမျိုးမျိုး ထွက်ပေါ်နေပေမယ့်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိတဲ့အတွက်မီဒီယာက ထောက်ပြနေတဲ့အချက်အလက်တွေဟာ မှန်ကန်မှု ရှိနေနိုင်တယ်။ သက်ဆိုင်ရာ အစိုးရကလည်းစီမံကိန်းနဲ့ ပတ်သက်တာတွေကိုပြည်သူကို ပွင့်ပွင့်လင်းလင်းတင်ပြသင့်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။
Credit : The Trade Times