တိုက်ခန်း တစ်ခန်းလျှင်ကျပ် (၇၅)သိန်းသာ ကျသင့်မည့် တန်ဖိုးနည်း အိမ်ရာတစ်ခုအား ယခုနှစ် မကုန်မီ ဆောက်လုပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ သတင်းရရှိသည်။
အဆိုပါ စီမံကိန်းအား ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ် အတွင်းရှိ အိုးအိမ်ဌာနပိုင် မြေပေါ်တွင် ဆောက်လုပ်သွားမည် ဖြစ်ပြီး အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည့်အပြင် အခန်းတစ်ခန်းလျှင် (၁၈) ပေ ပတ်လည် ကျယ်ဝန်း၍ ရေမီးအစုံ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
““ကျွန်မတို့ အနေနဲ့ အတတ်နိုင်ဆုံးတော့ အခြေခံ လူတန်းစားတွေ လက်လှမ်းမှီ နိုင်ဖို့အတွက်ကို ထည့်သွင်း စဉ်းစားပါတယ်။ ဒါပေမဲ့လို့ တစ်ကယ်တမ်း လုပ်ဆောင်ရတဲ့ နေရာမှာ အခက်အခဲတွေက အများကြီး ရှိတယ်။ အဲဒီတော့ တန်ဖိုး သက်သက်သာသာနဲ့ ဖြစ်ဖို့အတွက်ကို အခန်းတွေရဲ့ ဖွဲ့စည်းမှုဟာ နေသာထိုင်သာလည်း ရှိအောင်ဆိုတော့ အနည်းငယ်လေး ချုံ့လိုက်ရတဲ့ သဘောပါ””ဟု မြို့ရွာနှင့် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
ထိုသို့ တည်ဆောက်ရာတွင် မြေတစ်ဧကလျှင် ကျန်းမာရေးအရ (၅၀၀) ဦးသာ ထားသင့်သော်လည်း အများပြည်သူ အတွက် ပိုမို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ဦးရေမည်မျှ နေထိုင်နိုင်ရန် အစီအစဉ် ချမည် ဆိုသည်ကို အသေးစိပ် ဆွေးနွေးစဲ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
““အခြေခံ လူတန်းစားတွေ အတွက် အခုလိုမျိုး အစိုးရက တည်ဆောက်ပေးတဲ့ အပေါ် ကျွန်တော်တို့ အနေနဲ့ ၀မ်းသာ ကြိုဆိုပါတယ်။ နောက်တစ်ခုက အစိုးရအနေနဲ့ ဒီလိုအခြေခံ လူတန်းစားတွေရဲ့ ၀င်ငွေ ကောင်းမွန် လာအောင်လည်း တစ်ဖက်က လုပ်ဆောင်ပေးသင့် ပါတယ်””ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ဆိုသည်။
အစိုးရ၏ ယခင် ဆောက်လုပ်ပြီးစီးခဲ့သည့် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းနှင့် ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်းတို့မှာ တိုက်ခန်း တစ်ခန်းလျှင် ကျပ်ငွေ သိန်း(၂၀၀)မှ သိန်း (၆၀၀) အတွင်း ရှိခဲ့သည်။ ထို့ပြင် လှိုင်သာယာမြို့နယ်၌ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ သည်လည်း တစ်ခန်းလျှင် သိန်း (၁၂၀) အထိ ရှိသည်။
တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများကို သင့်တင့်ပြီး အများပြည်သူ ၀ယ်ယူခွင့် ရှိသော (Affortable Housing) များ ဖြစ်စေရန် အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ တိုက်ခန်း တန်ဖိုးနည်း လျော့ကျစေရန် စီမံဆောင်ရွက်လျှက် ရှိကြောင်း၊ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူနိုင်စွမ်း မရှိသေးသော ၀င်ငွေနည်း နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားများ၊ ၀င်ငွေနည်း ပြည်သူများ အတွက် အငှားအိမ်ရာများကို နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့် အညီမြို့ပြ စီမံကိန်းများဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ညှိနှိုင်းကာ ဘဏ္ဍာငွေ ခွင့်ပြုမှု၊ အိမ်ရာဆောက်လုပ်ရန် မြေနေရာရရှိမှု၊ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးက ဒသမအကြိမ် လွှတ်တော်တွင် ပြောကြားသည်။
Credit: The Messenger