ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် တိုက်ခန်းများ၊ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းမှ ရရှိသည့် တိုက်ခန်းများ၊ မြေကွက်များ ရောင်းချရခြင်းတို့မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၆၇ ဒသမ ၁၅၁ ဘီလျံ ရရှိရန် လျာထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်ကပြောသည်။
၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် တိုက်ခန်းများ ရောင်းချခြင်းမှ မြန်မာ ကျပ်ငွေ ၇ဝ ဒသမ ၁၅၄ ဘီလျံရရှိနိုင်ရန် မျှော်မှန်းထားသော်လည်း အကျိုးတူဆောက်လုပ်နေသည့် River View Point Condominium မှာ ယခုဘဏ္ဍာ ရေးနှစ်အတွင်း အပြီးသတ်နိုင်သည့် အခြေအနေတွင် မရှိသဖြင့် ယခုနှစ်၌တိုက်ခန်းများရောင်းချခြင်းမှ ကျပ်ငွေ ၅၈ ဒသမ ၇၂၃ ဘီလျံရရှိမည်ဖြစ်သည်။
”ဒီနှစ်အတွင်း လျာထားငွေအတိုင်းရဖို့ မဖြစ်နိုင်သေးဘူး။ River View Point Condominium ကနေ ကျပ်ငွေ ၁၁ ဒသမ ၄၃၁ ဘီလျံ လျော့မှာဖြစ်တဲ့အတွက် ကော်မတီပိုင်တိုက်ခန်းများ ရောင်းချရငွေမှာ အသားတင်ရငွေက ကျပ် ၅၈ ဒသမ ၇၂၃ ဘီလျံသာ ရရှိမှာဖြစ်ပါတယ်” ဟု ၎င်းကလွှတ်တော်သို့ တင်ပြခဲ့ သည်။
တိုက်ခန်းများ ရောင်းချရန်အတွက် ရရှိမည့် ငွေများမှာ ရွှေဇမ္ဗူဒိတ် River View Complex မှ အခန်းများ ရောင်းရငွေ ၆ ဒသမ ၄၉၈ ဘီလျံ၊ ကန်တော်ကြီး အဆင့်မြင့်အိမ်ရာမှ ကော်မတီပိုင်တိုက်ခန်းများ ရောင်းရငွေ ကျပ် ၁၂ ဒသမ ၂၃၄ ဘီလျံ၊ မင်းရဲကျော်စွာ စီးပွားရေးအဆောက်အအုံမှ ကျပ် ၄၂ ဒသမ ၇၂၅ ဘီလျံ၊ ပုလဲကွန်ဒိုရှိ ကော်မတီပိုင်တိုက် မှ ကျပ် ၂ ဒသမ ၆၂၂ ဘီလျံနှင့် မင်္ဂလာတောင်ညွန့်၊ ဆင်မလိုက်၊ ဗိုလ်ရာညွန့်၊ အင်းလျားရိပ်သာနှင့် ကုန်ဈေးတန်း အိမ်ရာတို့မှ ကော်မတီပိုင် တိုက်ခန်းများ ရောင်းရငွေ ကျပ် ၆ ဒသမ ဝ၇၅ ဘီလျံတို့ ရရှိမည်ဖြစ်သည်။
”မြေကွက် ရောင်းတာကနေလည်း ကျပ် ၈ ဒသမ ၄၂၈ ဘီလျံ ရဖို့မျှော်မှန်းထားပါတယ်” ဟု ¤င်းက ဆက်လက်ပြောသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းရှိ အနံ့အသက်ဇုန်နှင့် ငါးခြောက်တန်းအဖြစ် သတ်မှတ်ထားသည့် မြေကွက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်များသို့ ရောင်းချခဲ့ပြီး ယင်းသို့ရောင်းချခြင်းမှ ရရှိသောငွေ ကျပ် ၁ ဒသမ ၄၃၅ ဘီလျံ ရှိခဲ့သည့်အပြင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ကော်မတီပိုင်မြေကွက်များ ရောင်းချခြင်းမှ ကျပ် ၆ ဒသမ ၉၉၃ ဘီလျံရရှိခဲ့ကြောင်း သိရသည်။
Credit : The Trade Times