လူမူဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့ပြ အင်္ဂါရပ်နှင့်အညီ မြေအသုံးချမှု စီမံကိန်းများ လာမည့် အောက်တိုဘာလ အတွင်း အချောသတ် ရေးဆွဲနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ သတင်းရ ရှိသည်။
အဆိုပါ အစီအစဉ်အား ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာန ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (JICA)၊ မြို့ပြဆိုင်ရာ ပညာရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတို့မှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
““ရပ်ကွက်မြို့နယ် တွေနဲ့ ပတ်သက်ပြီး Develop (ဖွံ့ဖြိုးမှု) ဖြစ်နိုင်ချေရှိ မရှိဆိုတာကို စစ်တမ်းတွေ ကောက်ယူ ပါတယ်။ ပြီး တော့ လူဦးရေ သိပ်သည်းမှု လျော့နည်းရေး ကျန်းမာရေးဆိုင်ရာ ညီညွတ်ကောင်းမွန်မှု ရှိရေးနဲ့ အခြေခံ လူတန်းစားများ အိုးပိုင် အိမ်ပိုင် နေထိုင်နိုင်ရေး အတွက်ကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်””ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းအနေဖြင့် အိုးအိမ်တည်ဆောက်မှုနှင့် ပတ်သက်ပြီး အကုန်အကျ နည်းပြီး ဆောက်လုပ်စရိတ် သက်သာမည့် နည်းလမ်း များအား အဆိုပါ စီမံကိန်း အတွက် ပံ့ပိုးသွားရန် ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
““မြေအသုံးချမှု ဆိုတဲ့ အရေးတွေမှာ မြို့နယ်အလိုက် လိုက်နာရမယ့် စည်းကမ်းတွေ ပါဝင်ပါတယ်။ ဆိုလိုတာက စိတ်ငြိမ်ရပ်ကွက် တွေမှာဆိုရင် ဘယ်လို အဆောက်အအုံမျိုးပဲ ဆောက်ရမယ်။ Down Town (မြို့တွင်း) တွေမှာ ဆိုရင်လည်း လူနေသိပ်သည်းမှု အပေါ် မူတည်ပြီး လေ၀င်လေထွက် ကောင်းမွန်အောင် ဘယ်လို အချက်တွေကို လိုက်နာ ရမယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေ ဖြစ်ပါတယ်””ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ဆိုသည်။
လက်ရှိ အခြေအနေတွင် စီမံကိန်းရေးဆွဲမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲများ လုပ်ဆောင်လျက်ရှိပြီး အသေးစိတ် သဘောတူညီမှု ရရှိရန် စက်တင်ဘာလ (၂၂) ရက်နေ့ ထပ်မံ ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။
Credit: Messenger