ယခု အစိုးရသက်တမ်း အတွင်း မြန်မာနိုင်ငံ၏ မြို့ကြီးခုနစ်မြို့တွင် တန်ဖိုးနည်း အိမ်ရာများ အပြီးသတ် အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ သိရသည်။
အဆိုပါ အိမ်ရာများမှာ အမှန်တကယ် အိမ်ရာမရှိသူ များအား ဈေးနှုန်း အချိုသာဆုံးဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး၊ လက်ရှိ ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင်လည်း တန်ဖိုးနည်း အိမ်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
““အမှန်တကယ် တန်ဖိုးနည်း အိမ်ရာတွေကို နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်တယ်။ လာမယ့်နှစ်အတွင်း အပြီးသတ် ရောင်းချ ပေးနိုင်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ပြည်သူ ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးစိုးမြင့်က ပြောသည်။
တန်ဖိုးနည်း အိမ်ရာများ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြို့များမှာ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေမြို့များတွင် ဆောက်လုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးနည်း အိမ်ရာများကို မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး၊ ယင်းအိမ်ရာများကို မဲနှိုက်စနစ်ဖြင့်သာ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မြို့တွင် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ အပိုင်းတစ်အား ကျပ်သိန်း(၁၂၀)နှုန်း ဖြင့် ရောင်းချနေပြီး၊ မကြာမီ ကျန်စစ်မင်းအိမ်ရာရှိ အခန်းများ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့များတွင် အကောင်အထည်ဖော်မည့် တန်ဖိုးနည်း အိမ်ရာများမှ အခန်းများ ကို တစ်ခန်းလျှင် ကျပ်သိန်း(၁၂၀)နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး၊ အိမ်ရာတစ်ခုတွင် အခန်းပေါင်း နှစ်ထောင်နီးပါး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
““ရောင်းတော့ ရောင်းနေတာပဲ။ အခုတောင် စီးပွားရေးသမားတွေ ၀င်လျှောက် နေကြတယ်။ ဒါတွေကို သေချာ စိစစ်ပေးသင့်တယ်။ ဒီလိုမဟုတ်ရင် တကယ်အိမ်ရာ မရှိသေးတဲ့ သူတွေက နစ်နာတယ်””ဟု ရွှေလင် ဗန်းအိမ်ရာ ၀ယ်ယူရန် လျှောက်ထားသူ ရွှေမြန်မာ အိတ်စပို့၊ အင်ပို့ ကုမ္ပဏီဝန်ထမ်း မသန္တာဦးက ဆိုသည်။
တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူများမှာ အစိုးရ၀န်ထမ်း ဖြစ်ပါက အနည်းဆုံး လုပ်သက် နှစ်(၂၀) ရှိရမည်ဖြစ်ပြီး၊ ကုမ္ပဏီဝန်ထမ်း ဖြစ်ပါက တစ်လလျှင် ၀င်ငွေအနည်းဆုံး တစ်သိန်းခန့် ရှိရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
Credit: The Messenger